Homeမြန်မာသတင်း
ရခိုင်စစ်ပွဲရပ်တန့်ရေး တောင်းဆိုသည့် ကျောင်းသား ၂ ဦးကို ပေါင်းတည်တရားရုံးက ထောင်ဒဏ် ၁ နှစ်ချ
ရခိုင်စစ်ပွဲရပ်တန့်ရေး တောင်းဆိုသည့် ကျောင်းသား ၂ ဦးကို ပေါင်းတည်တရားရုံးက ထောင်ဒဏ် ၁ နှစ်ချ
မင်းညို
·
November 18, 2020
ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်တန့်ဖို့အတွက် ပြည်မြို့နဲ့ တခြားမြို့တွေမှာ စတစ်ကာ ကမ်ပိန်းလုပ်ပြီး တောင်းဆိုခဲ့တဲ့ ကျောင်းသားတွေထဲက နှစ်ဦးကို နိုဝင်ဘာ ၁၈ ရက်နေ့မှာ ပေါင်းတည်မြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ်ချမှတ် လိုက်ပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူ နှစ်ဦးကတော့ ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ကိုကျော်ရဲသူနဲ့ ဗကသများအဖွဲ့ချုပ်က ကိုထက်အောင်တို့ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က သူတို့ နှစ်ဦးကို ပေါင်းတည်မြို့ ရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅(ခ)နဲ့ ဖမ်းဆီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့မနက် တရားရုံးမှာ မိသားစုဝင်တွေနဲ့ ရှေ့နေတွေမရှိခင် အမိန့်ချပြီး ကျောင်းသား နှစ် ယောက်ကို ပေါင်းတည်အကျဉ်းထောင်ကို တန်းပို့လိုက်တာကြောင့် ဝန်းရံသူတွေက တရားရုံးရှေ့မှာ ကန့်ကွက်ခဲ့ကြပါတယ်။
တရားရုံးတခုလုံးကို ပိတ်လိုက်ပြီး ဘယ်သူကိုမှ အဝင်မခံတော့တာကြောင့် ဝန်းရံသူတွေက ပြည်တွင်းစစ်ရပ်စဲရေး၊ ဖမ်းဆီးခံကျောင်းသားတွေ လွှတ်ပေးရေး၊ စတဲ့ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြပါတယ်။
ပေါင်းတည်မြို့က ဝန်းရံသူတယောက်က “ကျနော်တို့လည်း မမီဘူး။ စိတ်မချလို့ နည်းနည်းစောပြီးသွားတာ။ သူတို့က ထောင်ကို ပို့မယ့် အချုပ်ကားပေါ်ရောက်နေပြီ။ ဘေးကနေပြေးလိုက်ပြီး မေးတဲ့အခါမှာ ကားပေါ်ကနေ တစ်နှစ်လိုလို ၁၀ နှစ်လိုလို လှမ်းတော့ အော်ပြေသွားတယ်”လို့ ပြောပါတယ်။
တရားရုံးတွေရဲ့ ရုံးထိုင်ချိန်က မနက်၁၀ နာရီဖြစ်ပြီး ရာဇဝတ်ကျင့်ထုံး ၃၆၆(၁)က အရ လူသိရှင်ကြား အမိန့်ချရမယ်ဆိုတဲ့ ဥပဒေကို တရားသူကြီးက ချိုးဖေါက်တာဖြစ်တယ်လို့ ကျောင်းသားတွေဘက်က လိုက်ပါကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။
သတင်း- မင်းညို