Home
မြန်မာသတင်း
ထိုင်းလဝက ဥပဒေချိုးဖောက်မှုဖြင့် မြန်မာ ၆ ဦး အပါအဝင် ၂၁ ဦး ဖမ်းဆီးခံရ 
DVB
·
November 18, 2020
125188146_1083022182160712_3427920093831122026_o
ထိုင်းနိုင်ငံမှာ တရားဥပဒေနဲ့အညီနေထိုင်ခြင်းမရှိတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးဖမ်းဆီး နေရာမှာ ခုတစ်ပတ်အတွင်း  လဝက ဥပဒေချိုးဖောက်သူ ၂၁ ဦး ဖမ်းဆီးရမိပြီး အဲဒီထဲမှာ ဗီဇာအတုနဲ့ ရက်ပေါင်း ၄၈၄ ရက် ကျော်လွန်နေထိုင်သူ မြန်မာ ၁ ဦးပါဝင်တယ်လို့ ထိုင်းလဝက ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။  နိုင်ငံထဲမှာ ရာဇဝတ်မှုပပျောက်ရေး၊ ဥပဒေမဲ့မှုတွေ နှိမ်နင်းရေးအတွက် သက်ဆိုင်ရာ လဝကရဲနဲ့ နယ်မြေခံရဲတွေ ပူးပေါင်းစစ်ဆေးနေရာမှာ နိုဝင်ဘာ ၉ ရက် မှ ၁၅ ရက် အတွင်း အမှုပေါင်း ၁၈ မှု နှိမ်နင်းခဲ့ပြီး လူပေါင်း ၂၁ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ထိုင်းအမျိုးသား လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး ဖတ်ဆဖုန်း ဆိုင်ဥဘွန်းက  မနေ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  အဆိုပါ အမှုတွေမှာ နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှု ၊  ခွင့်ပြုချက်မရဘဲ ဝင်ရောက်နေထိုင်မှု၊ ခွင့်ပြုချက်မရဘဲ အလုပ်လုပ်ကိုင်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။  ဖမ်းဆီးအရေးယူခံရသူ ၂၁ ဦးမှာ မြန်မာနိုင်ငံသား ၆ ဦး၊ ကမ္ဘောဒီးယား ၇ ဦး၊ လာအိုနိုင်ငံသား ၃ ဦး၊ နိုင်ငံသားဖော်ပြထားခြင်းမရှိသူ ၃ ဦးနဲ့ နိုင်ငံခြားသားတွေကို တည်းခိုခွင့်ပြုခဲ့တဲ့ ဟိုတယ်မန်နေဂျာ ထိုင်းလူမျိုး ၂ ဦးတို့ ပါဝင်ပါတယ်။  မြန်မာနိုင်ငံသား ၆ ဦးထဲက ကိုခွန်ဆိုသူ အမျိုးသားမှာ ထိုင်းဗီဇာတံဆိပ်တုံးအတုနဲ့ နေထိုင်နေတာ တွေ့ရှိရပြီး သူ့ရဲ့ နိုင်ငံကူးလက်မှတ်ပါ ဗီဇာအစစ်အမှန် သက်တမ်းကုန်ခဲ့တာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်ဖြစ်လို့  နေထိုင်ခွင့် ရက်ပေါင်း ၄၈၄ ရက်ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ၊ သူက တော့ အဆိုပါ ဗီဇာတုံးကို အတုမှန်းမသိဘဲ ကိုင်ဆောင်နေတာဖြစ်ပြီး ထိုင်းလူမျိုး တစ်ယောက်ကို ငွေပေးပြီး ဗီဇာသက်တမ်းတိုးခိုင်းခဲ့ခြင်းသာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။  ဒါပေမဲ့ သူဟာ တရားမဝင် ဝင်ရောက်နေထိုင်မှုအပြင် အစိုးရဌာနဆိုင်ရာ တံဆိပ်တုံး တုပမှု၊ ဌာနဆိုင်ရာ အရာရှိရဲ့လက်မှတ်တုပမှုတွေနဲ့ပါ အရေးယူခံရမှာဖြစ်ပြီး နောက်ထပ်ကွင်းဆက်တွေ ဆက်လက်စုံစမ်းဖော်ထုတ်အရေးယူသွားဦးမယ်လို့ ထိုင်းလဝကရဲ တပ်ဖွဲ့က ပြောပါတယ်။  ကိုးကား-ThailandReportNews
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024