Home
မြန်မာသတင်း
နတ်မောက်မြို့တွင် ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြ
DVB
·
November 18, 2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မှာ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မကျေနပ်တဲ့အတွက် လူဦးရေ ၁၀၀ ကျော်လောက် ဆန္ဒထုတ်ဖော်ခဲ့ ပါတယ်။ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးဇော်ဝင်းက "မဲမသမာမှုတွေ၊ တရားဥပဒေနဲ့ မညီညွတ်တဲ့ စည်းရုံးမှုတွေ၊ တင်ပြတိုင်တန်းချက်တွေကို အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ကြေညာတာတွေ လုပ်ဆောင်တဲ့အတွက် လူ ၂၅ ဦးနဲ့ ခွင့်ပြုချက်ရယူပြီး ဆန္ဒဖော်ထုတ်ခဲ့တာ"လို့ ပြောပါတယ်။ ဆန္ဒဖော်ထုတ်ပွဲကို ပါတီတွေ၊ အဖွဲ့စည်းတွေရဲ့ ကိုယ်စားပြုလုပ်တာမျိုးမဟုတ်ဘဲ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ကိုယ်စား ပြုလုပ်တာဖြစ်တယ်လို့လည်း  ပြောပါတယ်။ အဲဒီဆန္ဒဖော်ထုတ်ပွဲကို နတ်မောက်မြို့အဝင် ဆည်မြောင်းရုံးနားကနေ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ခဲ့ပေမဲ့ ဝန်းရံသူတွေ များပြားလာတာကြောင့် ဗိုလ်ချုပ်ကြေးရုပ်ကွင်းအထိသာ သွားရောက်ခဲ့တယ်လို့ဆိုပါတယ်။ မကွေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်သူရက "ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ရွေးကောက်ပွဲရလဒ်တွေကို ကြေညာပေးတာဖြစ်ပြီးတော့ ပုံစံ(၁၉) မှတ်လက်မှတ်ထိုးဖို့ ကိုယ်စားလှယ်လောင်းတွေကို ဖိတ်ကြားပေမယ့် မလာရောက်တဲ့သူတွေလည်း ရှိတယ်လို့"ပြောပါတယ်။ နတ်မောက်မြို့နယ်မှာ  ဆန္ဒမဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်အရေအတွက် ၁၉၀,၀၀၀ ကျော်ရှိပြီးတော့ လာရောက်မဲပေးတဲ့သူ ၁၄၀,၀၀၀ ကျော်ရှိပါတယ်။ အဲဒီလို ဆန္ဒထုတ်ဖော်ရာမှာ "မဲဆန္ဒရှင်များအား တရားမဲ့ခြိမ်းခြောက်မှု (အလိုမရှိ)၊ ကိုဗစ်ဥပဒေနဲ့မညီသော မဲဆွယ်စည်းရုံးခွင့်များ(အလိုမရှိ)၊ ကိုဗစ်ငွေကြေး မဲဆွယ်ပေး (အလိုမရှိ)၊ မဲဆန္ဒရှင်စာရင်းများ စိစစ်ပေးရေး(ဒို့အရေး)၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေး (ဒို့အရေး)၊ ဥပဒေနဲ့ မညီသော ရွေးကောက်ပွဲရလဒ် (အလိုမရှိ) စတဲကြွေးကြော်သံ ၆ ချက်နဲ့အတူ လမ်လျှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် နေရာ ၈၈ နေရာစလုံးကို အန်အယ်လ်ဒီပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024