ထိုင်းနိုင်ငံ၌ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်း၊ ၁၈ ဦးထက်မနည်း ဒဏ်ရာရ

219
ထိုင်းလူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြလှုပ်ရှားမှု စကတည်းက အပြင်းထန်ဆုံးအဖြစ် နိုဝင်ဘာ ၁၇ ရက် ဆန္ဒပြပွဲမှာ လွှတ်တော်ရှိရာ ချီတက်လာတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရေအမြောက်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ဖြိုခွင်းလို့ လူ ၁၈ ယောက်ထက်မနည်း ဒဏ်ရာရပါတယ်။
ဆန္ဒပြသူတွေက ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေနွေးနေတဲ့ လွှတ်တော်အမတ်တွေကို ဖိအားပေးဖို့ လွှတ်တော်ရှေ့မှာ စုဝေးကြပါတယ်။
ဆန္ဒပြသူတွေက စစ်ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်ကို ဖယ်ရှားဖို့နဲ့ ဘုရင် ဝချီရာလောင်ကွန်ရဲ့ အာဏာတွေကို ကန့်သတ်လိုကြပါတယ်။
သွပ်ဆူးကြိုးတွေကို ဖြတ်ဝင်လာတဲ့ ဆန္ဒပြသူတွေကို ရဲတွေက ရေအမြောက်နဲ့ နှိမ်နှင်းခဲ့သလို လွှတ်တော်အရှေ့မှာ ချထားတဲ့ ကွန်ကရစ်ဘလောက်တုံးတွေကိုလည်း ဖယ်ရှားပစ်ခဲ့ပါတယ်။
ဒီနောက်မှာတော့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က နှိမ်နှင်းလို့ ဒဏ်ရာရသူတွေကို လူနာတင်ယာဉ်နဲ့ ဆေးရုံပို့ပေးခဲ့ပါတယ်။
ဘန်ကောက် အဲရာဝမ်ဆေးရုံက ဒဏ်ရာရသူ ၁၈ ယောက်ရှိပြီး အဲဒီထဲက ၁၂ ယောက်ဟာ မျက်ရည်ယိုဓာတ်ငွေ့ ပစ်ခတ်ခံရတာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် ရဲဝန်ထမ်းတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆေးရုံက ပြောပါတယ်။