မင်းလှမြို့နယ်၌ ခရီးသွားရာဇဝင်မရှိသူ ၁ ဦးအပါအဝင် ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
November 18, 2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ နိုဝင်ဘာ ၁၇ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး ထပ်တိုးလာတယ်လို့ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မင်းလှမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက “မနက်က ခရီးသွားရာဇဝင်မရှိသူ တစ်ယောက်အနံ့မရလို့ လာပြတာ RTD နဲ့ စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ၊ ကျန် ၂ ဦးကတော့ ဓာတ်ခွဲနမူနာ ၈၃ ခုကို ပေးပို့စစ်ဆေးရာ ၂ ဦးရောဂါပိုးတွေ့ရှိခဲ့တာ”လို့ ပြောပါတယ်။
ခရီးသွားရာဇဝင်မရှိသူအတည်ပြုလူနာနဲ့ ထိတွေ့သူတွေကို စုံစမ်းပြီး နေအိမ်မှာ ကွာရန်တင်းဝင်ခိုင်းထားပြီး အတည်ပြုလူနာနေအိမ်ကို Lockdown ချထားတယ်လို့လည်း ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက် ညနေအထိ မင်းလှမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၆၄ ယောက်အထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၅၃ ယောက်နဲ့ မင်းလှဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေသူ ၁၁ ယောက်ရှိပါတယ်။
သတင်း - သက်နိုင်ဝင်း