Home
မြန်မာသတင်း
ရှမ်းဒုက္ခသည်များကို ပြန်မပို့ရန် တောင်းဆို
နော်နိုရင်း
·
August 9, 2013
လုံခြုံရေးအာမခံချက်မရှိဘဲ ရှမ်းဒုက္ခသည်တွေကို ရွှေ့ပြောင်း ပြန်ပို့မှု မလုပ်ဖို့ ရှမ်းလူမှုအဖွဲ့စည်းတွေက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့လက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်က မြန်မာရဲတွေဟာ ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင် ၀ိန်းဟင်မြို့နယ်ထဲက ကုန်းကျော်ဒုက္ခသည်စခန်းကို လာပြီး မြန်မာပြည် ပြန်လိုစိတ် ရှိမရှိ မေးမြန်းခဲ့ပါတယ်။ ဒုက္ခသည်တွေက  ပြန်လိုကြောင်း အရိပ်အရောင်မပြပေမယ့် ထိုင်း-မြန်မာနယ်စပ်နဲ့ ၁၅ ကီလိုမီတာဝေးတဲ့ မိုင်းတုံမြို့နယ် မိုင်းတော့ (မိုင်းထား) ရွာက အစိုးရတပ် ဗျူဟာမှူးကနေပြီး ကုန်းကျော်ဒုက္ခသည်တွေကို ပြောင်းရွှေ့လာမယ့်သူတွေအတွက် နေအိမ်သစ်တွေ ဆောင်လုပ်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒုက္ခသည်တွေကို ပြန်နေခိုင်းမယ့်နေရာဟာလည်း တပ်ပေါင်းစုံက စခန်းတွေ ပတ်လည်ရှိတဲ့ နေရာဖြစ်တဲ့အတွက် ဒုက္ခသည်တွေအတွက် ဘာအာမခံချက်မှ မရှိဘူးလို့ ရှမ်းလူမှုအဖွဲ့က စိုင်းခေးဆိုင်က ပြောပါတယ်။ “ကုန်းကျော်စခန်းနဲ့ သူတို့ ပြန်ရမယ့်နေရာက သိပ်မဝေးဘူး။ နောက်ပြီး သူတု့ကို ပြောင်းရွှေ့သွားမယ့်နေရာ  မိုင်းတော့က စစ်တပ်တွေ အများကြီးရှိတယ်။ နယ်ခြားစောင့်တပ်အဖွဲ့ရှိသလို၊ ပြည်သူ့စစ်အဖွဲ့တွေ၊ ကိုးကန့်အဖွဲ့တွေ၊  ၀အဖွဲ့တွေ၊ အက်စ်အက်စ်အေ တောင်ပိုင်း၊ အစိုးရ လက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ သူတို့ သွားနေဖို့ သိပ်မရဲသေးတာကတကြောင်း၊ တကယ်လို့ ပြန်ပစ်ခတ်ကြရင် သူတို့ နောက်တခေါက် ပြန်ပြေးလို့ ထိုင်းက လက်မခံဘူးဆိုရင် ဘယ်ကိုပြေးရမလဲဆိုတာ သူတို့  စဉ်းစားလို့ မရဘူး။ နောက် ဘယ်သူတာဝန်ယူမလဲ၊ ဘယ်သူ တာဝန်ခံမလဲ။ အဲဒါကလည်း ဘယ်သူမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။” ပြီးခဲ့တဲ့နှစ်ကလည်း ရှမ်းဒုက္ခသည်တွေ ပြန်ရေးအတွက် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု အထောက်အကူပြုအဖွဲ့မှာ ကန်ထရိုက်ယူထားတဲ့ နော်ဝေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ကွင်းဆင့်လေ့လာခဲ့ပြီး မိုင်းတော့မှာ နေရာချထားပေးမယ့် အစီစဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် ဒီအစီစဉ်ကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါကြောင့် မြန်မာထိုင်းနဲ့ နိုင်ငံတကာ တာဝန်ရှိသူတွေအနေနဲ့ ရှမ်းဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်ရင် ပွင့်လင်းမြင့်သာမှုရှိဖို့၊ နိုင်ငံတကာစံနှုန်းအတိုင်း လုံခြုံရေးနဲ့ သိက္ခာရှိဖို့နဲ့ ဒုက္ခသည်ကိုယ်တိုင် ဆန္ဒရှိမှ ပြောင်းရွှေ့ပေးဖို့ ရှမ်းလူမှုအဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။ ကုန်းကျော်ဒုက္ခသည်စခန်းဟာ ၂၀၀၂ ခုနှစ်က နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ အက်စ်အက်စ်အေ ရှမ်းပြည်တောင်ပိုင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာတဲ့ စခန်းဖြစ်ပြီး လက်ရှိမှာ လူဦးရေ ၅၀၀ ရှိပါတယ်။  လူဦးရေရဲ့ တ၀က်ဟာ ကလေးတွေဖြစ်တယ်လို့ ရှမ်းလူမှုအဖွဲ့အစည်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024