ထိုင်းတွင် ကိုဗစ်-၁၉ ကာလ လူငယ်ပညာတတ် အလုပ်လက်မဲ့ဦးရေ ၇ သိန်းကျော်ရှိလာ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကာလအတွင်း အလုပ်လက်မဲ့ဦးရေ သန်းချီရှိပြီး ဒီနှစ်ထဲ ကျောင်းပြီးထားကြတဲ့ ပညာတတ်လူငယ်လူရွယ် ၇ သိန်းကျော်ရှိတယ်လို့ PPTV36 ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  အဆိုပါ လူငယ်လူရွယ်တွေထဲမှာ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ခံ တက္ကသိုလ်တွေနဲ့ စက်မှုလက်မှု အစရှိတဲ့ သက်မွေးဝမ်းကျောင်းတက္ကသိုလ်က ကျောင်းပြီးလာတဲ့သူတွေ ပါဝင်ပါတယ်။ ၂၀၂၀ ဇူလိုင်မှ ဩဂုတ်လထိ တတိယ ၃ လပတ်စာရင်းချုပ်ကာလအတွင်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ၊ အလုပ်လုပ်ချိန်တွေ လျှော့ချတာကြောင့် ပညာတတ်လူငယ်လူရွယ် အလုပ်လက်မဲ့ ဦးရေပေါင်း ၇ ဒသမ ၄ သန်းရှိ တယ်လို့ ထိုင်းအမျိုးသား လူမှုစီးပွားမြှင့်တင်ရေးကောင်စီက ကောက်ယူထားတဲ့ စစ်တမ်းကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။  ဒါ့အပြင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာနမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းပေါင်း ၁၃၈၇ ခုမှာလည်း ဝန်ထမ်းဦးရေ မူလ ၇ ဒသမ ၉ သန်းရှိရာက ဒုတိယ ၃ လပတ်ကာလမှာ  ၃ ဒသမ ၃ သန်းထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။  ကိုဗစ်-၁၉ ကာလမှာ ထိုင်းနိုင်ငံ နိုင်ငံခြားသားဝင်ရောက်မှု ကန့်သတ်ခဲ့တာကြောင့် နိုင်ငံခြားသားနဲ့ ပတ်သက်တဲ့ လုပ်ငန်းအသီးသီးက ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။  ထိုင်းမှာ ကိုဗစ်-၁၉ ကာလ လူတွေ သန်းနဲ့ချီအလုပ်လက်မဲ့ဖြစ်ရပေမယ့် အစိုးရက လူဦးရေ ၄ ဒသမ ၈၈ သိန်းကိုသာ ထောက်ပံ့ကြေးတွေ ပေးအပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။  ထိုင်းနိုင်ငံမှာ ခုလို အလုပ်လက်မဲ့ တိုးပွားလာပြီး စီးပွားရေးနိမ့်ဆင်းလာတဲ့အထဲ တက္ကသိုလ်ကျောင်းသားအများစု ခေါင်းဆောင်တဲ့ ဝန်ကြီးချုပ်ဖြုတ်ချရေး ဆန္ဒပြပွဲတွေလည်း အရှိန်မြင့်နေပြီး ဆန္ဒပြသူတွေကို ပြန်ပြီးကန့်ကွက်တဲ့ တန်ပြန် ဆန္ဒပြပွဲတွေလည်း ဖြစ်ပေါ်နေပါတယ်။  ကိုးကား-PPTV

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up