ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ယာဉ်တိုက်မှုဖြစ်ပြီး အမှုဖွင့်ခံရ
DVB
·
November 16, 2020
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မကွေးတိုင်း၊ ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရ ရွေးကောက်တင်မြှောက်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစန်းကြူဟာ ယာဉ်တိုက်မှုဖြစ်ပြီး အမှုဖွင့်ခံထားရတယ်လို့ ငဖဲမြို့မရဲစခန်းကနေ သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်ညနေပိုင်းက ဦးစန်းကြူ မောင်းနှင်လာတဲ့ အဖြူရောင်(Surf)ကားနဲ့ ဦးတင်မောင်ဝင်း မောင်းနှင်လာတဲ့ နံပါတ်မပါ (Kenbo-110) အနက်ရောင်ဆိုင်ကယ်စီးတို့ ချောင်းဖြူကျေးရွာရဲ့ ရွာလည်လမ်းကွေ့မှာ မတော်တဆတိုက်မိခဲ့ပြီး ၅ ရက်အကြာမှာ ဦးတင်မောင်ဝင်း သေဆုံးသွားခဲ့တာပါ။
ငဖဲမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်မင်းဦးက "အဲဒီလို တိုက်မိတာကြောင့် ဦးတင်မောင်ဝင်းမှာ ဝဲဘက်ပါးမှာ ပွန်းခြစ်ဒဏ်ရာသာ ရရှိခဲ့ပြီး ပြင်ပဒဏ်ရာ ပြင်းထန်စွာ မရရှိခဲ့တဲ့အတွက် ဆေးကုသမှုမခံယူခဲ့ဘဲ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှသာ ဗိုက်အောင့်လာတဲ့အတွက်ငဖဲ ဆေးရုံကြီးကို သွားရောက်ရာလမ်းမှာ သေဆုံးခဲ့တာ” လို့ ပြောပါတယ်။
ယာဉ်မတော်တဆဖြစ်စဉ်မှာ လူတစ်ဦးသေဆုံးသွားပြီဖြစ်တဲ့အတွက် ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ နှစ်ဖက်စလုံးကို အမှုဖွင့်လိုက်တာဖြစ်ပြီး ဘယ်သူမှားတယ် ၊ မှန်တယ်ဆိုတာကိုတော့ စုံစမ်း စစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။
လတ်တလော ယာဉ်တိုက်မှုဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ဦးစန်းကြူနဲ့ ဦးတင်မောင်ဝင်းတို့ကို ယာဉ် ပေါ့ဆစွာ မောင်းနှင်မှုကြောင့် လူသေဆုံးမှု ပုဒ်မ ၃၀၄ (က)နဲ့ ငဖဲမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ငဖဲမြို့မ ရဲစခန်းကနေ သိရပါတယ်။
ဦးစန်းကြူဟာလက်ရှိ ငဖဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အနိုင်ရ ရွေးကောက်တင်မြှောက်ခံထားရပါတယ်။
သတင်း-မင်းထီး