ဂျီဘရော်တာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဆန်မာရီနို နောက်ခံလူ ဒန်တီရိုစီဟာ ဝမ်းသာမျက်ရည်ကျခဲ့ကာ ဒီရလဒ်ဟာ ဆန်မာရီနို တနိုင်ငံလုံးကို ကိုယ်စားပြုတယ်လို့ ပြောပါတယ်။
ဆမ်မာရီနိုအသင်းဟာ ဥရောပဘောလုံးစာမျက်နှာမှာ အသင်းငယ်တသင်းအဖြစ် နှစ်ပေါင်းများစွာ အသုံးတော်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဂျီဘရော်တာအသင်းကို အိမ်ကွင်းမှာ သရေကျခဲ့တာက သူတို့အတွက် ၂ ပွဲဆက် ဂိုးမရှိ သရေကျခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင် အောက်တိုဘာမှာ ကစားခဲ့တဲ့ လက်ချင်စတိန်းနဲ့ ပွဲစဉ်မှာလည်း ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဂျီဘရော်တာနဲ့ပွဲမှာ ဆမ်မာရီနိုအသင်းဟာ ပွဲချိန်အများစုကို တစ်ယောက်လျော့နဲ့ ရင်ဆိုင်ခဲ့တာ ဖြစ်ပြီး ဒီရလဒ်ဟာ သူတို့အသင်းအတွက် အောင်မြင်မှုတစ်ခုဖြစ်ကာ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျခဲ့ရတယ်လို့ အသက် ၃၃ နှစ်အရွယ် နောက်ခံလူ ရိုစီက ပြောပါတယ်။
“ကျနော့်အတွက်တော့ အိပ်မက်တစ်ခုလိုပဲ။ ကျနော် စကားတွေ အများကြီး မပြောနိုင်တော့ပါဘူး။ ကျနော့်အမျိုးသမီးအပါအဝင် ကျနော့် မိသားစုကလည်း ဝမ်းသာနေကြပါတယ်။ ကျနော့်အသင်းဖော်တွေနဲ့ အသင်းဝန်ထမ်းတွေကို ကျေးဇူးတင်စကား ပြောလိုပါတယ်။ ကျနော်တို့ ဒီလိုအဆင့်မျိုးမှာ ကာလရှည် ဆက်ရှိဖို့လည်း မျှော်လင့်ပါတယ်။ ဒီရလဒ်ဟာ ကျနော်တို့နိုင်ငံအတွက် ရည်ညွှန်းပါတယ်။ ကျနော်တို့ဟာ နိုင်ငံငယ်လေးပေမယ့် ကြီးမားတဲ့နှလုံးသားရှိသူတွေ ဖြစ်ပါတယ်။”
ဂျီဘရော်တာအသင်းနဲ့ သရေပွဲစဉ်ဟာ ဆမ်မာရီနိုအသင်းအတွက် Nations League ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ဒီအသင်းဟာ အုပ်စု ဒီ ၂ မှာ ရမှတ် ၂ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
ဒါပေမဲ့ ဆမ်မာရီနိုအသင်းရဲ့ ကစားသမားအများစုဟာ စာရင်းကိုင်၊ သင်္ဘောသား စတဲ့အလုပ်တွေ လုပ်ရင်းနဲ့ ဘောလုံးကန်နေကြသူတွေ ဖြစ်တာကြောင့် ဒီလိုအသင်းအတွက် နှစ်ပွဲဆက် ဂိုးမရှိ သရေရလဒ်ဟာ အောင်မြင်မှုတစ်ခုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ဆမ်မာရီနိုအသင်းဟာ သူတို့အသင်းသမိုင်းမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားဖူးပြီး ၂၀၀၄ ခုနှစ် လက်ချင်စတိန်းနဲ့ ချစ်ကြည်ရေးပွဲမှ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အခုရလဒ်ဟာ အသင်းရဲ့အောင်မြင်မှုလမ်းကြောင်းအစ ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ အသင်းကို ဆက်လက်အားပေးသွားကြဖို့ကိုလည်း ရိုစီက အသင်းပရိသတ်တွေကို တိုက်တွန်းခဲ့ပါတယ်။