ခင်ဦးမြို့နယ် ကျေးရွာအချို့တွင် ခိုင်းနွားများ အမည်မသိရောဂါ ဖြစ်ပွား
DVB
·
November 15, 2020
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကျေးရွာတချို့မှာ ခိုင်းနွားတွေ အဖုထပြီး ရောင်ကိုင်းနေတဲ့ အမည်မသိရောဂါ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သိရပါတယ်။
မူးသာကျေးရွာ ဒေသခံ ကိုမင်းအောင်နိုင်က “ဆောင်းသီးနှံ စိုက်ပျိုးချိန်ဖြစ်ပြီး ခိုင်းနွားတစ်ကောင်စ နှစ်ကောင်စကနေ မူးသာကျေးရွာမှာဆို အကောင် ၂၀ လောက်ရှိပြီ ကူးစက်နေတာ။ စိုက်ပျိုးရာသီချိန်ဆိုတော့ တောင်သူတွေဒုက္ခရောက်တာပေါ့။ ကျွဲနွားတွေ သေဆုံးတဲ့ အဆင့်ထိတော့ မရောက်သေးဘူး” လို့ ပြောပါတယ်။
အခုဖြစ်ပွားနေသည့်ရောဂါမှာ အမည်တပ်မရသေးဘဲ ကျေးရွာ လေးရွာလောက် ဖြစ်ပွားနေပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဓာတ်ခွဲ နမူနာ ရယူပြီး မန္တလေးဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးသွားမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ အခြေအနေအရ တိုင်းခြားဖြစ်တာကြောင့် သွားရေးလာရေး အခက်အခဲရှိနေတယ်လို့ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာကျော်သက်လွင်ဦးက ပြောပါတယ်။
ကျေးရွာတွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် ခိုင်းနွားတွေ အဓိက ခြင်၊ ယင် မှဲ့ကိုက်ခြင်း မရှိစေဖို့ ကျွဲနွားထားတဲ့ တဲ၊ ခြံတွေနဲ့ အခင်းတွေကို ခြင်ဆေးဖြန်းတာ၊ ရောဂါ ဖြစ်ပွားနေတဲ့ ကျွဲနွားတွေကို သီးသန့်ခွဲထားတာ၊ အစာ ဆေးရည် ဆေးထိုးအပ်မှတဆင့် ရောဂါ ဖြစ်ပွားတဲ့ တိရစ္ဆာန်မှတဆင့် ကူးစက်နိုင်တာကြောင့် ကြိုတင်ကာကွယ်ဖို့ ကျေးရွာတွေမှာ အထိပညာပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မူးသာကျေးရွာမှာ ခိုင်းနွား အကောင်ရေ ၁၀၀ လောက်ရှိပြီး အမည်မသိရောဂါ ဖြစ်ပွားနေတာ အကောင်ရေ ၂၀ လောက်ရှိပြီလို့ ကိုမင်းအောင်နိုင်က ပြောပါတယ်။
သတင်း - ချိုသဲကြည်