အာရှပစိတ် စီးပွားရေးအင်အားကြီး ၁၅ နိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေးအဖွဲ့ ဖွဲ့စည်း 

အာရှပစိဖိတ် စီးပွားရေးအင်အားကြီး ၁၅ နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ရေးအဖွဲ့ကို နိုဝင်ဘာ ၁၅ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။ အမေရိကန်နိုင်ငံမပါဘဲ တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ ဒေသတွင်း အားလုံးပါဝင်တဲ့ စီးပွားရေးမိတ်ဖက် (RCEP) ကို ဗီယက်နမ်မြို့တော် ဟနွိုင်းက ဒေသတွင်း ထိပ်သီးညီလာခံမှာ လက်မှတ်ရေးထိုးခဲ့တာပါ။ ဒါဟာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားလက်ထက်က တွန်းအားပေး လုပ်ဆောင်ခဲ့ပြီး သမ္မတထရမ့်လက်ထက် ၂၀၁၇ မှာ ပြန်နုတ်ထွက်ခဲ့တဲ့ အုပ်စုအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်လည်း ဖြစ်ပါတယ်။ RCEP ဟာ အာဆီယံ ဂျပန်နဲ့ တောင်ကိုရီးယားတို့နဲ့ စီးပွားရေး မဟာမိတ်အဖြစ် တရုတ်ရဲ့ ရပ်တည်ချက်နေရာကို ပိုခိုင်မြဲစေနိုင်တယ်။ ဒါကြောင့် ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်ဟာ ဒေသတွင်း ကုန်သွယ်ရေး စည်းမျဉ်းတွေကို ပုံဖော်ရာမှာ ပိုကောင်းတဲ့ နေရာကို ရသွားပြီလို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။  ခုတော့ အမေရိကန်ဟာ RCEP မှာရော အမေရိကန်သမ္မတဟောင်း အိုဘားမား ဦးဆောင်တဲ့ ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်အုပ်စု TPP မှာပါ မပါတော့ပါဘူး။  ဒါကြောင့် ကမ္ဘာ့အကြီးဆုံးစီးပွားရေး အင်အားကြီး နိုင်ငံကြီး အမေရိကန်ဟာ ကမ္ဘာ့အမြန်ဆုံး တိုးတက်နေတဲ့ ဒေသတွင်း ကုန်သွယ်ရေးအုပ်စု ၂ စုလုံးရဲ့ ပြင်ပကို ရောက်သွား ပါပြီ။  RCEP အုပ်စုထဲမှာ အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေ ပါဝင်ပါတယ်။ လာမယ့်နှစ်တွေအတွင်း နယ်ပယ်အများအပြားမှာ ကုန်သွယ်ရေး အဟန့်အတားတွေ ပိုနည်းစေဖို့ ရည်မှန်းထားပါတယ်။ သဘောတူညီချက်ဟာ ကမ္ဘာ့လူဦးရေ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေး ၃၀ ရာခိုင်နှုန်းနဲ့ စားသုံးသူ ၂ ဒသမ ၂ ဘီလီယံကို ကိုယ်စားပြုတယ်လို့ ဗီယက်နမ် အစိုးရက ပြောပါတယ်။ လာမယ့်နှစ်နှစ်အတွင်း အဖွဲ့ဝင်နိုင်ငံတွေက ပြည်တွင်းမှာပါ ဒီသဘောတူညီချက်ကို အတည်ပြုပြီးရင် ဒီသဘောတူညီချက် အသက်ဝင်မယ်လို့ အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးက အရင်အပတ်မှာ ပြောပါတယ်။ အိန္ဒိယဟာ RCEP ဆွေးနွေးပွဲတွေကနေ မနှစ်က နိုဝင်ဘာမှာ နုတ်ထွက်ထားပေမယ့် အာဆီယံခေါင်းဆောင်တွေက အိန္ဒိယ လာရောက်ပူးပေါင်းနိုင်ဖို့ လမ်းဖွင့်ထားဆဲလို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up