စစ်သွေးကြွအဖွဲ့အစည်းများအား ထောက်ပံ့နေသည်ဟု အိန္ဒိယကို ပါကစ္စတန် စွပ်စွဲ

အိမ်နီးချင်းနဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ သူ့မြေပေါ်မှာရှိတဲ့ စစ်သွေးကြွ အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတယ်ဆိုတဲ့ သက်သေတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီမှာ ပါကစ္စတန်က တင်ပြသွားမယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာ ၁၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ် ကူရေးရှီးက “ပါကစ္စတန် ပြည်သူတွေ သေဆုံးနေရတာဟာ ပါကစ္စတန်နိုင်ငံထဲက အကြမ်းဖက်ဝါဒကို အိန္ဒိယနိုင်ငံက တိုက်ရိုက်ထောက်ပံ့နေလို့ဆိုတာ ဖော်ထုတ်ထားတဲ့ မငြင်းနိုင်တဲ့ သက်သေကို ကမ္ဘာကြီးဆီ ကျနော်တို့ အခု တင်ပြနေတယ်” လို့  စစ်တပ်ပြောခွင့်ရနဲ့အတူ မီဒီယာကို ပြောပါတယ်။ စွပ်စွဲချက်တွေကို အသေးစိတ်ဖော်ပြထားတဲ့ ပါကစ္စတန်စစ်တပ် မီဒီယာက ထုတ်ပြန်တဲ့ ကြေညာချက်ကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ရိုက်တာသတင်းဌာနက ပေးပို့မှတ်ချက် တောင်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။ အိန္ဒိယဟာ ပါကစ္စတန်နိုင်ငံအတွင်း စွက်ဖက်မှုစွဲချက်တွေကို ငြင်းရုံသာမက ပါကစ္စတန် အစိုးရကိုယ်တိုင်က ပိုင်နက်အငြင်းပွားမှု ကက်ရှ်မီးယားဒေသထဲက အိန္ဒိယ ထိန်းချုပ်တဲ့ နယ်မြေနဲ့ အိန္ဒိယပြည်မကို တိုက်ခိုက်နေတဲ့ စစ်သွေးကြွတွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲထားပါတယ်။ ပါကစ္စတန် အစိုးရကတော့ အိန္ဒိယအစိုးရရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။  နိုဝင်ဘာ ၁၃ ရက်က ကက်ရှ်မီးယားဒေသထဲက အိန္ဒိယ-ပါကစ္စတန် နယ်စပ် ထိန်းချုပ်ရေး မျဉ်းတလျှောက် နယ်စပ်ဖြတ်ကျော် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ယောက်နဲ့ လုံခြုံရေးအရာရှိ ၅ ယောက် သေဆုံးခဲ့ပါတယ်။ နျူကလီးယား လက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်း နှစ်နိုင်ငံအကြား အပြန်အလှန် စွပ်စွဲရင်း တင်းမာမှု မြင့်တက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up