ရှစ်လေးလုံးငွေရတုက ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပြန်ရေးရန် တောင်းဆို
အေးနိုင်
·
August 8, 2013
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ (ဒါမှမဟုတ်) အသစ် ပြန်လည်ရေးဆွဲဖို့ လိုအပ်တယ်လို့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ်မြောက် ငွေရတု ကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒီကနေ့ကျရောက်တဲ့ ၂၅ နှစ်ပြည့် ရှစ်လေးလုံးငွေရတုနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
၂ ရက်တာ ဆွေးနွေးပွဲတွေရဲ့ ရလဒ်အရ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းပိုင်ခွင့်ရှိပြီး တန်းတူညီမျှတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ဖို့ လိုအပ်တယ်ဆိုတာ လေးလေးနက်နက်ခံယူကြောင်း ကြေညာစာတမ်းက ဖော်ညွှန်းပြီး လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံက ဖော်ဆောင်ပေးနိုင်ခြင်းမရှိတာကြောင့် ပြင်ဆင်တာဖြစ်ဖြစ်၊ အသစ်ပြန်လည်ရေးဆွဲတာဖြစ်ဖြစ် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒီလို ဆောင်ရွက်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အမျိုးသားအင်အားစုအားလုံးပါဝင်တဲ့ ညီလာခံတရပ်ကျင်းပဖို့ လိုအပ်တယ်လို့ ဖော်ပြထားပြီး ဒီလိုခံယူသည်နဲ့အညီ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်လက် ထမ်းရွက်သွားမယ်လို့ ကြေညာချက်က ဖော်ပြထားပါတယ်။