Live
Home
မြန်မာသတင်း
ကယားပြည်နယ်လွှတ်တော် ဘယ်လိုဖွဲ့စည်းမလဲ 
နော်နိုရင်း
·
November 13, 2020
နိုဝင်ဘာ ၈ ရက်နေ့က မြန်မာနိုင်ငံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲပြီးဆုံးလို့ အနိုင်ရရှိတဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကို  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာနေပြီဖြစ်ပါတယ်။ ကယားပြည်နယ်မှာတော့  လွှတ်တော်သုံးရပ်ရှိမဲဆန္ဒနယ်  ၃၄ နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ ၂၀၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP) က ၈ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၆ နေရာ အသီးသီး အနိုင်ရရှိကြောင်းလည်း ကော်မရှင်က ကြေညာထားပြီးဖြစ်ပါတယ်။ ဒီအထဲမှာ စိတ်ဝင်စားစရာကတော့ ကယားပြည်နယ်လွှတ်တော်ရဲ့ အခင်းအကျင်း ဘယ်လိုဖြစ်လာမလဲဆိုတာ ဖြစ်ပါတယ်။ လွှတ်တော်နေရာစုစုပေါင်း  ၂၀ ရှိတဲ့ ကယားပြည်နယ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၉ နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၃ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၃ နေရာနဲ့   တပ်မတော်သားကိုယ်စားလှယ် ၅ နေရာ ရှိမှာ ဖြစ်ပါတယ်။ အနိုင်ရပါတီအနေနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်နိုင်ပေမယ့်  ပြည်နယ် လွှတ်တော်ကို ဦးဆောင်ဖွဲ့စည်းနိုင်ဖို့ဆိုရင် ကိုယ်စားလှယ် ထက်ဝက်ကျော်ရှိဖို့ အန်အယ်ဒီပါတီက ၁၁ နေရာရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်ရှိ အန်အယ်ဒီပါတီအနေနဲ့ လွှတ်တော်နေရာ   ၉ နေသာ အနိုင်ရရှိထားတဲ့အတွက် ပြည်နယ်လွှတ်တော် ဖွဲ့စည်းနိုင်ဖို့  ၂ နေရာလိုအပ်နေတဲ့အနေအထားဖြစ်ပါတယ်။          ဒါကြောင့် အန်ယ်ဒီပါတီအနေနဲ့  အနိုင်ရတိုင်းရင်းသားပါတီကိုယ်စားလှယ်နဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဖို့ လိုအပ်မယ့်အနေအထားဖြစ်ပါတယ်။  တစ်ဖက်မှာလည်း ကြံ့ခိုင်ရေးပါတီက တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် နဲ့ ပေါင်းရင် ၈ နေရာရရှိမှာဖြစ်လို့ တိုင်းရင်းသားပါတီနဲ့ ပေါင်းလိုက်ရင် မဲအများစုရနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဒီနေရာမှာ အခရာကျတာကတော့  ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့ဆုံးဖြတ်ချက် ဖြစ်လာပြီး အန်အယ်လ်ဒီနဲ့ ပူးပေါင်းမလား ဒါမှမဟုတ် ကြံ့ခိုင်ရေးပါတီ ၊ တပ်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းမလား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။  နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်တွေဟာ အဖွဲ့ချုပ် ရည်မှန်းချက်တွေနဲ့ တူညီတာကြောင့် နောက်လာမယ့် အနာဂတ်မှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ တိုင်းရင်းသားပါတီတွေကို စာပေးပို့ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” နဲ့ ပတ်သက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီထံ စာပေးပို့ ပြောကြားတာလို့ ဆိုပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့ အနိုင်ရကိုယ်စားလှယ် ဦးသဲရယ်ကတော့ အန်အယ်ဒီပါတီအနေနဲ့ အခုချိန်ထိတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ လာရောက်ဆွေးနွေးကမ်းလှမ်းတာမရှိ သေးပေမယ့် ပါတီအနေနဲ့ လွှတ်တော်မှာလည်း နေရာယူနိုင်တဲ့ အနေအထားမျိုး စဉ်းစားထားတယ်လို့ ပြောပါတယ်။ “ကျနော်တို့က သွားပြီးအရင်ကမ်းလှမ်းတာမျိုးလုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ လာညှိနှိုင်း ရင်တော့ ကျနော်တို့စဉ်းစားမယ်ပေါ့နော်။ ကျနော်တယောက်အနေနဲ့ဆိုရင်တော့ လွှတ်တော်မှာ လည်း ကျနော်တို့ နေရာယူနိုင်တဲ့အနေအထားမျိုးတော့ စဉ်းစားတာပေါ့။ ဒါပေမဲ့ ဘယ်သူက ကျနော်တို့နဲ့ လာပြီးတော့ ညှိနှိုင်းမလဲဆိုတာကတော့ မသိရသေးဘူးပေါ့နော်။ ” ဒါ့အပြင် တိုင်းရင်းသားပါတီအနေနဲ့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အမည်စာရင်း တင်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ “ကျနော်တို့ကတော့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာကတော့ ကျနော်တို့ပါတီဘက်က နေပြီး တော့မှတင်မှာပေါ့။ ဘယ်သူ့နဲ့မှ မညှိဘူး။ ကိုယ့်ဘာကိုယ်တင်မယ်၊ ကိုယ့်လူကိုယ် ထောက်ခံမယ်။ ဒါပေမဲ့ တခြားအစုအဖွဲ့တွေက ကျနော်တို့ကို ထောက်ခံတယ်မထောက်ခံဘူး ဆိုတာကတော့ သူတို့အပိုင်းပေါ့နော်။ ဒါကကျနော်တို့ အဓိက နေရာရရေးထက် ကျနော်တို့ ကိုယ့်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးတော့မှ ဆောင်ရွက်တဲ့နေရာမှာ ပိုပြီးတော့မှ ထိရောက်မယ့် နေရာကိုတော့ ကျနော်တို့စဉ်းစားထားတယ်။ ဒါပေမဲ့ ဒါကတော့ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ အာမ မခံဘူး။ ဒါပေမဲ့ကျနော်တို့ကတော့ ဒီအတိုက်အခံအစုအဖွဲ့အနေနဲ့ပဲ ကျနော်တို့ ဆက်ရှိသွားမှာပေါ့။” ဖရူဆိုမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် ၂ မှာ အနိုင်ရရှိတဲ့ ကယားပြည်နယ်ဒီမိုကရက် တစ်ပါတီက ကိုယ်စားလှယ် ဒေါ်အယ်ဗာလင်းကတော့ ပြည်သူ့အကျိုးမှန်သမျှ ကောင်းတဲ့ပုဂ္ဂိုလ် နဲ့ပူးပေါင်း သွားမယ်လို့  ပြောပါတယ်။          “ကျမတို့ ရည်မှန်းချက်ပန်းတိုင်လျှောက်လှမ်းနေတာ ဒီမိုကရေစီရရှိရေးဖြစ်တယ်။ တမျိုးသား လွတ်မြောက်ရေးဖြစ်တယ်။ ပြည်သူလူထုအကျိုးကျေးဇူးကို ရည်မှန်းပြီး သွားနေရတာဖြစ်တဲ့ အတွက် အစ်မ ယုံကြည်ပါတယ်။ အစ်မတို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေနဲ့က ပြည်သူလူထုတွေရဲ့ လိုအပ်ချက်ကို သစ္စာဖောက်ပြီးတော့မှ မည်သို့သော ပါတီနဲ့ကိုမှ ပူးပေါင်း သွားမှာ မဟုတ်ဘူး။ ပြည်သူ့ အကျိုးမှန်သမျှကတော့ ကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ကို ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အကျိုးကျေးဇူးကသာ အဓိကဖြစ်တာ။ ဘယ်ပါတီနဲ့ အာဏာရဖို့ အတွက် ပူးပေါင်းမယ်ဆိုတာထက်ကို ပြည်သူလိုအပ်ချက်ကို တက်ညီလက်ညီနဲ့ ဆုံးဖြတ်ချက်ချ နိုင်တဲ့ ပါတီ၊ လူပုဂ္ဂိုလ်တွေနဲ့ကို ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ယုံကြည်ထားတယ်။ ” ပြည်နယ်လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၅ ဦး၊ ရွေးကောက်ခံကိုယ်စား လှယ်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ ဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ( KySDP)က ၃ ဦးနဲ့ ကြံ့ခိုင်ရေးပါတီက  ၃ ဦး အသီးသီးရှိနေမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့က  ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဟာ တခြားပါတီ ၃၄ ပါတီက ခေါင်းဆောင်တွေနဲ့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့သွားရောက် တွေ့ဆုံမှုရှိခဲ့ပြီး နောက်ပိုင်း ပြည်နယ်လူထုတွေကော တခြားနိုင်ငံရေးအသိုင်းဝန်းတွေရဲ့ ဝေဖန်မှုကိုခံခဲ့ရပါတယ်။          ဒါပေမဲ့ ပါတီအနေနဲ့ ဒီတွေ့ဆုံမှုဟာ ပါတီအနေနဲ့သွားတာမဟုတ်သလို ဥက္ကဋ္ဌန တဦးတည်းရဲ့ ဆန္ဒအရ သွားခဲ့တာဖြစ်ကြောင်း၊ ဒီတွေ့ဆုံမှုမှာလည်း ဥက္ကဋ္ဌအနေနဲ့  ဆုံးဖြတ်ချက်ချမှတ်တာ၊ သဘောထားမှတ်ချက်ပေးတာနဲ့ တိုင်ပင်ဆွေးနွေးသဘောတူမှု  တစုံတရာမပြုလုပ်ခဲ့ဘူး လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေနဲ့ မည်သည့် ပြည်မအခြေစိုက်ပါတီနဲ့မှ မဟာမိတ်ဖွဲ့ ဆောင်ရွက်ထားခြင်းမရှိကြောင်းလည်း ဩဂုတ် ၁၅ ရက်နေ့က ထုတ်ပြန်ထား ခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ထွက်ပေါ်လာမယ့် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် သက်တမ်းအတွက် လွှတ်တော်ဖွဲ့စည်းရေး၊ ပြည်နယ်အစိုးရ အောင်မြင်စွာဖွဲ့စည်းနိုင်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအရေးတွေအတွက် မဲအများစုအနိုင်ရတဲ့ အန်အယ်ဒီပါတီအနေနဲ့ သူတို့  ကြေညာထားသလို တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးထားဆောင်ရွက်မယ်၊ မဆောင်ရွက်ဘူး ဆိုတာ သိပ်မကြာခင် အဖြေသိရတော့မှာ ဖြစ်ပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024