ပူတာအိုခရိုင်အတွင်းက မဲဆန္ဒနယ် ၇ ခုတွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိ
DVB
·
November 12, 2020
ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေဟာ မဲဆန္ဒနယ် (၇) ခုမှာ အနိုင်ရရှိထားတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ပြောပါတယ်။
ပူတာအိုခရိုင်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အဖြေရလဒ်ကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဘက်က ကြေညာခြင်း မရှိသော်လည်း ပူတာအိုခရိုင်အတွင်းက မဲဆန္ဒနယ် ၇ ခုမှာ ပြည်ထောင်စုံကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိထားပြီလို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိတဲ့ မဲဆန္ဒနယ်တွေက ပူတာအိုခရိုင်အမှတ်(၁) အမျိုးလွှတ်တော်၊ ပြည်သူ့လွှတ်တော် (နောင်မွန်မြို့နယ်)၊ ပြည်သူ့လွှတ်တော် (ဆွမ်ဘရာဘွမ်မြို့နယ်)၊ ပြည်သူ့ လွှတ်တော် (ခေါင်လန်ဖူးမြို့နယ်)၊ အမှတ်(၁) ပြည်နယ်လွှတ်တော်(နောင်မွန်မြို့နယ်)၊ အမှတ်(၁) ပြည်နယ်လွှတ်တော် (ဆွမ်ဘရာဘွမ်မြို့နယ်)၊ အမှတ်(၂) ပြည်နယ်လွတ်တော် (ခေါင်လန်ဖူးမြို့နယ်) စတဲ့မဲဆန္ဒနယ်တွေမှာ အနိုင်ရရှိနေတယ်လို့ ဆိုပါတယ်။
ပူတာအိုခရိုင်အတွင်းမှာ မြို့နယ် ၅ ခုရှိပြီး ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်တို့မှာ အန်အယ်လ်ဒီက အနိုင်ရရှိပြီး အမှတ်(၂) ပြည်နယ်လွတ်တော် (ဆွမ်ဘရာဘွမ်မြို့နယ်) မှာ ပြည်နယ်အခြေစိုက် ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ နောင်မွန်မြို့နယ်အမှတ်(၂) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာ အန်အယ်လ်ဒီ၊ အမှတ်(၂) ပြည်နယ်လွှတ်တော် ခေါင်လန်ဖူးမြို့နယ်မှာ ဒူးလေးပါတီ (လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ) တို့က အသီးသီး အနိုင်ရရှိတယ်လို့ သိရပါတယ်။
သတင်း - ဖေနောင်းအောင်(ပူတာအို)