မန္တလေးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၁၈ ဦးရှိ
DVB
·
November 11, 2020
မန္တလေးမြို့ ကန်တော်နေဒီဆေးရုံမှာ နိုဝင်ဘာ ၁၁ ရက်နေ့ ကိုဗစ်-၁၉ ရောဂါနဲ့ လူနာတစ်ဦးသေဆုံးခဲ့တာကြောင့် မန္တလေးတိုင်းဒေသကြီးမှာ ဒီရောဂါနဲ့ သေဆုံးသူ ၁၈ ယောက်ထိရှိပြီ ဖြစ်ပါတယ်။
သေဆုံးသူတွေဟာ ရောဂါအခံရှိသူတွေဖြစ်ပြီး မန္တလေးမှာဆိုရင် နိုဝင်ဘာ ၈ ရက်မှ ၁၁ ရက်နေ့ထိ လေးရက်အတွင်း ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၆ ယောက် ရှိပါတယ်။
သေဆုံးသူတွေ တိုးလာတဲ့အပြင် ကန်တော်နေဒီဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ကုသနေရသူ ၄ ယောက် ရှိတယ်လို့ ဆေးရုံ တာဝန်ခံ ဒေါက်တာသက်ပိုင်ဦး ကပြောပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ ၂၆၆၅ ယောက်နဲ့ ဆေးရုံတက်နေရသူ ၇၉၃ ယောက် ရှိတယ်လို့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း - နိုင်လင်းဦး