နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရှေ့တွင် လူအင်အား ၅၀ ခန့်ဆန္ဒပြ
DVB
·
November 11, 2020
နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရှေ့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ နှင်းဆီပါတီ ထောက်ခံသူတွေနဲ့ ယေဒက္ခိဏပရဟိတအဖွဲ့တို့က လူအင်အား ၅၀ လောက်နဲ့ ဒီနေ့ နေ့လည်ပိုင်းက လာရောက်ဆန္ဒထုတ်ပြကြပါတယ်။
“တရားမျှတမှုမရှိသော ရွေးကောက်ပွဲကော်မရှင်ကို လုံးဝအယုံအကြည်မရှိ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး ဒို့အရေး၊ ဒို့အရေး၊ မတရားမျှမှန်သမျှဆန့်ကျင၊ အမျိုးဘာသာ သာသနာကို ဖျက်ဆီးသည့်အစိုးရ လုံးဝအလိုမရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်နိုင်ငံလုံးလူထုအင်အားဖြင့် ကာကွယ်ကြရေး ဒို့အရေး၊ မသမာသည့်ရွေးကောက်ပွဲကော်မရှင် လုံးဝအလိုမရှိ” စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ဆန္ဒဖော်ထုတ်မှုမှာ ဖျက်သိမ်းခံ နှင်းဆီပါတီက ၂၁ ဦး၊ ကြံ့ခိုင်ရေးပါတီဝန်းရံသူ ၄ ဦးနဲ့ ဒက္ခိဏပရဟိတ အဖွဲ့တစ်ဖွဲ့က ၂၁ ဦး ပါဝင်ပြီး လယ်ဝေးမြို့မှာ နေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဆန္ဒထုတ်ဖော်သူတွေက တရားဝင်စာတင်ပြီး ဆန္ဒဖော်ထုတ်တာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ သတင်းစားရှင်းလင်းပွဲပြုလုပ်မှာကို မသိရှိဘူးလို့ဆိုပါတယ်။
ဆန္ဒထုတ်ဖော်မှုကို လာရောက်တားဆီးခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူက သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေမယ့် အခုလိုတားဆီးရခြင်းဟာ အခွင့်မရှိပဲ ဆန္ဒထုတ်ဖော်မှုကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)