Home
မြန်မာသတင်း
ဖားကန့်မြို့နယ်တွင် လူငယ် ၁ ဦး မီးရှို့သတ်ဖြတ်ခံရ 
DVB
·
November 11, 2020
124775355_3475868972527913_3954619446945867222_n
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လယ်ပြင်ကျေးရွာက လူငယ် တစ်ဦး  နိုဝင်ဘာ ၁၁ရက်နေ့ မနက်က မီးရှို့ သတ်ဖြတ်ခံထားရတာကိုတွေ့ရှိခဲ့တယ်လို့ လယ်ပြင်ကျေးရွာတာဝန်ခံ ရာအိမ်မှူးက ပြောပါတယ်။   မီးရှို့ပြီးအသတ်ခံရသူဟာ လယ်ပြင်ကျေးရွာ ကုက္ကိုတန်း ရပ်ကွက် (၁)မှာ နေထိုင်သူ နောနော် (၁၈) နှစ်ဖြစ်ပြီး ကြက်အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါတယ်။  လယ်ပြင်ကျေးရွာအနီး ဆွတ်အိမ်ယန်ရွာဆိုင်းဘုတ်နဲ့ ကိုက်တရာခန့်အကွာ ဦးတူးခေါင်ရဲ့ တောင်ယာခြံဝန်းထဲမှာ အသတ်ခံရတာ ဖြစ်ပြီး မူးယစ်ဆေးဝါး အများအပြား ရောင်းဝယ်ဖောက်ကားရာ နေရာကိုသွားတဲ့ လမ်းအနီးမှာ သတ်ဖြတ်ခံထားရတာလို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။ "ဖိုးရောင်းတဲ့ ဖိုးခန်းတွေကို သွားတဲ့ လမ်းဘေးမှာ အလောင်းကို ရေမဆေးသမားတွေ ဖိုးသမားတွေစတွေ့တာ၊ မီးရှို့ထားတာ ရုပ်ကမသဲကွဲတော့ဘူး" လို့ မျက်မြင်တွေ့ရှိသူ ဆွတ်အိမ်ယန် ရွာသားတဦးက ပြောပါတယ်။ ​သေဆုံးသူ နေနော်တို့မိသားစုဟာ မိုးကောင်းမြို့ ကျွန်းတောဇာတိလို့ သိရပြီး လယ်ပြင်ကျေးရွာ ရပ်ကွက်(၁)မှာ အမဖြစ်သူတွေနဲ့နေထိုင်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ နောနောပျောက်ဆုံးချိန်က လည်ပင်းမှာ တကျပ်သား ရွှေဆွဲကြိုးဝတ်ဆင်ထားပြီး သေဆုံးချိန်မှာ မရှိတော့ဘူးလို့လည်း သေဆုံးသူရဲ့အမဖြစ်သူဆီကသိရပါတယ်။ နေနော်ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး အမဖြစ်သူဟာ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ၈ နေ့က လယ်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လုံးခင်းနယ်မြေရဲစခန်းကို လူပျောက်တိုင်ကြားခဲ့တယ်လို့ လယ်ပြင်ကျေးရွာ တာဝန်ခံကပြောပါတယ်။ တိုင်ကြားပြီး လေးရက်အကြာမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ နောနော်ရဲ့အလောင်းကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။ "ရွေးကောက်ပွဲနေ့က ရုံးကို လူပျောက်လာတိုင်ထားတယ်။ လုံးခင်းရဲစခန်းကိုလည်း တိုင်ထားတယ်။ သူတို့က မိုးကောင်းကျွန်းတော ဇာတိတွေပါ "လို့ရာအိမ်မှူးက ဆိုပါတယ်။ အလောင်းကိုတော့  လုံးခင်းနယ်မြေရဲစခန်းက လာရောက် သယ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူရွာသားတွေက ပြောပါတယ်။ နေနော် သတ်ခံရမှုနဲ့ပတ်သက်ပြီး ကာယကံရှင်နဲ့ သက်ဆိုင်သူတွေကို မေးမြန်းနေဆဲဖြစ်ပြီး ရဲလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ လုံးခင်းနယ်မြေရဲစခန်းမှူးကပြောပါတယ်။  သတင်း- ဇော်မိုးထက် (ဖားကန့်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024