လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့် နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပနေကျ မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အကျဉ်းချုံးသာ ကျင်းပခဲ့ရပါတယ်။
ဒီအခမ်းအနားကိုတော့ နိုဝင်ဘာ ၁၀ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှာ ကျင်းပခဲ့တာဖြစ်ပြီး ကန်တော့ခံဝါရင့်သက်ကြီးအနုပညာရှင် အနည်းငယ်နဲ့သာ ကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့ အစည်းအရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အခုနှစ်မှာ ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲဟာ ၄၃ ကြိမ်မြောက်ထိ ရောက်ရှိလာခဲ့ပြီဖြစ်ကာ ကန်တော့ခံသက်ကြီးအနုပညာရှင် ၁၆၀ ရှိနေတာပါ။
ကိုဗစ်-၁၉ ကြောင့် အကျဉ်းချုံး ကျင်းပရတဲ့ ဒီအခမ်းအနားမှာတော့ ကန်တော့ခံ သက်ကြီးအနုပညာရှင်တွေအတွက် ရုပ်ရှင်အစည်းအရုံးက ငွေကျပ် ၂ သိန်း၊ Forever Group က ကျပ် ၅ သောင်း၊ သရုပ်ဆောင်မင်းသမီး အေးမြတ်သူက ကျပ် ၁ သိန်းစီနဲ့ လှူဖွယ်ပစ္စည်းတွေ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။
အခမ်းအနားမတက်ရောက်နိုင်တဲ့ ကန်တော့ခံ သက်ကြီးအနုပညာရှင်တွေကိုတော့ အလှူငွေနဲ့ လှူဖွယ်ပစ္စည်းတွေကို အစည်းအရုံးမှာ နိုဝင်ဘာ ၁၁ ရက်ကစ လာရောက် ထုတ်ယူနိုင်သလို မလာရောက်နိုင်တဲ့ သက်ကြီးပညာရှင်များကိုတော့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမယ်လို့ အစည်းအရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲကိုလည်း ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာ ၁၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း ၆၃,၂၄၁ ယောက်၊ သေဆုံးသူ ၁၄၆၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၄၇,၄၁၁ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Photo : U Aye Kyu Lay