Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်၌ ဆန္ဒမဲ၂ ကြိမ်လာပေးသူ ၃ ဦးကို ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် အမှုဖွင့်
DVB
·
November 11, 2020
124170229_3424617994343860_8597351758327847833_o
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရွာရှည်ကျေးရွာမဲရုံနဲ့  မကျီးအုပ်ကျေးရွာမဲရုံတို့မှာ  နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲ၂ ကြိမ်လာပေးသူ ၃ ဦးကို ရွေးကောက်ပွဲ ဆိုင်ရာဥပဒေနဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ အမှုဖွင့်ထားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက သိရပါတယ်။ ဝမ်းတွင်းမြို့နယ် မကျီးအုပ်ကျေးရွာ အမှတ်(၆)မဲရုံမှာ ဆန္ဒမဲပေးသူ ဦးကျော်နိုင်ဟာ ဖိုကုန်းအုပ်စု ညောင်ကားယားရွာမှာမဲပေးပြီး မကျီးအုပ်ရွာမှာ ဒုတိယအကြိမ်ထပ်မံ မဲပေးခဲ့တာကြောင့် ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားရဲ့ ကိုယ်စားလှယ် ဖြစ်သူ ဦးရန်မျိုးကျော်က တရားလိုလုပ်ပြီး ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ ဝမ်းတွင်းမြို့မရဲစခန်းမှာ အမှုဖွင့်ပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းဒုရဲအုပ်စည်သူခိုင်က "ရွေးကောက်ပွဲနေ့မှာ မဲ ၂ ကြိမ်ပေးလို့ ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ ဝမ်းတွင်းမြို့မရဲစခန်းအပိုင်မှာအမှု ၁ မှု ဖွင့်ထားတယ် ရွှေတောင်ရဲစခန်းအပိုင်ထဲက အမှု ၁ မှု ဖွင့်တယ် ပေါင်း ၂ မှု ရှိနေတယ်"လို့ ပြောပါတယ်။ အလားတူ ဝမ်းတွင်းမြို့နယ် ဘုရားဖြူကျေးရွာအုပ်စု ရွာရှည်အထက်တန်းကျောင်းခွဲရှိ အမှတ်(၁)မဲရုံမှာလည်း  မဲလာပေးသူ ဦးအုန်းကျော်မြင့်ဟာ မဲပေးအပြီး လက်သန်းမင်တို့ရာမှာ  ဘယ်ဘက်လက်သန်းမှာ မင်တို့ပြီးသားဖြစ်နေခဲ့တာကြောင့် မေးမြန်းရာ လူးခင်းအုပ်စု ပျားစွဲရွာမှာ မဲပေးခဲ့ပြီး ရွာရှည်ရွာမှာ ဒုတိယအကြိမ်ထပ်မံမဲပေးဖို့ ဦးအော်ကျန်(ခ)ဦးဇော်မျိုးအောင်က ဖုန်းဆက်ခေါ်လို့ ဒုတိယအကြိမ် မဲပေးခဲ့တာကြောင့် ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ် ဦးမြင့်ထွန်းအောင်က တရားလိုလုပ်ပြီး ရွှေတောင်ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။ ရွှေတောင်ရွာရဲစခန်းစခန်းမှူး ရဲအုပ်ယဉ်ထွေးက"ရွာ ၂ရွာလုံးရဲ့ မဲစာရင်းမှာ သူ့အမည် ပါနေတယ် ရွာ ၁ ရွာရဲ့ မဲရုံမှာ မဲပေးပြီးသွားပြီဆိုတာ လက်သန်းမှာ မင်စွန်းနေတာတွေ့ရတယ်။ အဲဒါကြောင့် မဲရုံ ၂ ရုံမှာ မဲပေးခဲ့ကြောင်း ပေါ်ပေါက်လို့ ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ထားတယ်"လို့ ပြောပါတယ်။ အမြင့်ဆုံးပြစ်ဒဏ် ထောင် ၁နှစ်အထိရှိနေတဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပုဒ်မ ၅၉(စ)နဲ့ ဝမ်းတွင်းမြို့မရဲစခန်းမှာ ၂ ကြိမ်မဲပေးသူ ဦးကျော်နိုင်ကို အမှုဖွင့်ထားပြီး ရွှေတောင်ရွာရဲစခန်းမှာ ဦးအုန်းကျော်မြင့်နဲ့ ဦးအော်ကျန်(ခ)ဦးဇော်မျိုးအောင်တို့ ၂ ဦးကို အမှုဖွင့်ထားပါတယ်။ သတင်း/ဓာတ်ပုံ-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024