ယူအေအီး-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်မှုဆိုင်ရာ သဘောတူလက်မှတ်ထိုး
DVB
·
November 10, 2020

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ၂ နိုင်ငံ သံ တမန်ဆက်ဆံရေးထူထောင်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တယ်လို့ ယူအေအီး နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
သဘောတူလက်မှတ်ရေးထိုးမှုမှာတော့ နယူးယောက်မြို့၊ ယူအေအီးဘက်က ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် Lana Zaki Nusseibeh နဲ့ မြန်မာနိုင်ငံဘက်က ကုလ သမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီသဘောတူညီမှုအရ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန် အလှန် နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုတွေ ခိုင်မြဲလာစေဖို့နဲ့ ၂ နိုင်ငံဘုံအကျိုးစီးပွားတိုး တက်မှုတွေ ရရှိလာစေဖို့ ဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
သံအမတ် Nusseibeh က ယူအေအီးနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဦးစားပေးမှုတွေအပေါ် အခြေခံပြီး ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လာစေဖို့ မျှော်လင့် ကြောင်းနဲ့ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကတဆင့် ဒေသတွင်း နိုင်ငံတွေနဲ့ အ တူ အနာဂတ်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စိတ်အား ထက်သန်ပါကြောင်း ပြောပါတယ်။
၂ နိုင်ငံသဘောတူလက်မှတ်ရေးထိုးမှု အပြီးမှာတော့ ၂ ဘက်နိုင်ငံတွေအနေနဲ့ ကု လသမဂ္ဂမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်ဆက်ဆံရေးဆိုင်ရာ ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြတာပါ။
ဒါ့အပြင် ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြ ပြီး ယူအေအီးနိုင်ငံက လက်ရှိ ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်နေတဲ့ အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်လှစ်နိုင်ဖို့ လိုအပ် ချက်တွေကိုပါ ဦးစားပေးကိစ္စအနေနဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုဗစ်-၁၉ ကပ်ဘေးကာလ မြန်မာနိုင်ငံကို ယူအေအီးနိုင်ငံက ပေးပို့တဲ့ ဆေးဝါးအသုံးအဆောင် ၅ မက်ထရစ်တန်အတွက် ကျေးဇူးတင်ကြောင်း၊ မကြာခင်က ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲအတွက် ယူ အေအီးနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတေွ ဆန္ဒမဲပေးခွင့်ရရှိနိုင်အောင် ပူးပေါင်း ဆောင်ရွက်ပေးမှုတွေအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာပေါ်မှာ ဖော်ပြထားမှုအရ လက်ရှိအချိန်ထိ မြန်မာနိုင်ငံနဲ့ သံတမန်အဆက်အသွယ်ထူထောင်ထားရှိတဲ့ နိုင်ငံပေါင်း ၁၂၃ နိုင်ငံရှိပြီးဖြစ်တယ်လို့ သိရပါတယ်။