အီသီယိုပီးယားနိုင်ငံ တစ်ဂရေးဒေသတွင် တိုက်ပွဲကြောင့် လူရာချီ သေဆုံး

အီသီယိုပီးယားနိုင်ငံတွင်း မတည်ငြိမ်တဲ့ တစ်ဂရေးဒေသမှာ စစ်တပ်ထိုးစစ်တွေ ပြင်းထန်လာအပြီး လတ်တလောရက်တွေအတွင်း တစ်ဂရေးဒေသထဲက ထိုးစစ်ကြောင့် လူရာချီ သေဆုံးခဲ့ ပြီးပြီလို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြည်တွင်းစစ်ဖြစ်မှာနဲ့ လုံခြုံရေး စိုးရိမ်ရတာတွေကြောင့် ဒန်ရှစစ်စခန်းက သတင်းထောက်တွေကို စစ်သည်တွေက နိုဝင်ဘာ ၉ ရက်မှာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပါတယ်။ စစ်စခန်းအပြင်မှာတော့ စစ်သည်တွေ ပြည့်နေတဲ့ စစ်ကားတွေ ရပ်ထားပြီး ‘ဒီမိုကရေစီ တိုင်းပြည်တရပ်ကို အတူတည်ဆောက်ကြစို့’ ဆိုတဲ့ စာသားကို သံပြားအနက်ပေါ်မှာ ရေးထားပါတယ်။ စစ်ရဟတ်ယာဉ် ၂ စီးကလည်း မြောက်ဘက်ကို ပျံသန်းသွားပါတယ်။  ဒန်းရှစခန်းနဲ့ အမ်ဟာရာဒေသကို ချိတ်ဆက်ထားတဲ့ လမ်းပေါ်မှာ လူမနေတဲ့ ရွာတန်းကိုလည်း တသီတတန်း တွေ့ရပါတယ်။ ကီရာကီယာဒေသက တစ်ဂရေးတပ်တွေနဲ့ တိုက်ပွဲအတွင်း တစ်ဂရေး တိုင်းရင်းသားတပ်ဘက်က လူ ၅၀၀ နီးပါး သေဆုံးတယ်လို့ အမ်ဟာရာမြို့က ပြည်ထောင်စု စစ်တပ်အရာရှိ တယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အီသီယိုပီးယား အစိုးရခေါင်းဆောင်တွေကတော့ ပြည်တွင်းစစ် မဖြစ်စေရဘူးလို့ နိုဝင်ဘာ ၉ ရက်က အာမခံ ပြောပါတယ်။ တိုက်ပွဲဖြစ်ရာဒေသဟာ အီရီထရီးယားနဲ့ ဆူဒန်နိုင်ငံတွေနဲ့ နယ်စပ်မှာ ဖြစ်ပြီး အာဖရိကရဲ့ ဒုတိယလူအထူဆုံး တိုင်းပြည်မှာ မတည်ငြိမ်မှုတွေ ပေါ်ပေါက်မယ့်ဘေးကို ရင်ဆိုင်နေရပါတယ်။ ပြည်ထောင်စု စစ်တပ်ဘက်ကလည်း ဒန်းရှမြို့နားက တိုက်ပွဲမှာ စစ်သည် ရာချီ ကျဆုံးတယ်လို့ တခြား လုံခြုံရေး သတင်းရင်းမြစ် ၃ ရပ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ နှစ်ဖက်စလုံးက လူရာချီ သေဆုံးတယ် ယုံကြည်ရတယ်လို့ သံတမန်တယောက်က ပြောပါတယ်။ သေဆုံးသူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up