Home
မြန်မာသတင်း
ရွေးကောက်ပွဲပြစ်မှုကျူးလွန်သူ ကော်မရှင်အဖွဲ့ခွဲဝင်များအပါအဝင် ၁၅ ဦး အရေးယူထား
DVB
·
November 9, 2020
တံဆိပ်တုံးအတုယူလာတာ၊ မဲ ၂ ကြိမ်ထည့်တာ၊ မဲလက်မှတ်ကို ဆုတ်ဖြဲပစ်တာ စတဲ့ ရွေးကောက်ပွဲ ပြစ်မှုတွေကျူးလွန်ခဲ့ကြသူ ကော်မရှင်အဖွဲ့ခွဲဝင်တွေအပါအဝင် ၁၅ ယောက်ကို အရေးယူထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင် ဦးရွှေထွန်းနဲ့ ရာအိမ်မှူး ဦးသန်းထွန်းစိန်တို့ ကြိုတင်မဲကောက်နေတုန်း မဲရုံကိုယ်စားလှယ်တယောက်က တံဆိပ်တုံးကို စစ်ဆေးရာမှာ UEC အမှတ်အသားမပါတဲ့ တံဆိပ်တုံးဖြစ်နေတာကို တွေ့ရပါတယ်။ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် အမှတ် ၁ ရပ်ကွက်မှာ ဦးသိန်းဇော်ဟာ မဲပေးဖို့လာတဲ့အခါ သူ့အိတ်ကပ်ထဲက UEC အမှတ်အသားမပါတဲ့ တံဆိပ်တုံးကိုတွေ့ခဲ့ရပါတယ်။ မကွေးတိုင်း မြို့သစ်မြို့နယ် တလင်းကုန်းရွာမှာ ဦးအောင်ဇော်ဝင်းဟာ UEC အမှတ်အသားမပါတဲ့ တံဆိပ်တုံးနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့အတွက် မဲပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် မိကျောင်းတရာအုပ်စုမှာ ကြိုတင်မဲတွေ ကောက်တုန်းက ဒေါ်အေးမြင့်ဟာ သူ့သမီးရဲ့ နာမည်နဲ့ ကြိုတင်မဲပေးခဲ့တယ်လို့ ဆိုပါတယ်။ ကယားပြည်နယ် ဖားဆောင်းမြို့နယ် တောင်ပိုင်းရပ်ကွက်မှာ ဒေါ်ဇင်မာလွင်ဟာ ဆန္ဒမဲတကြိမ်ပေးပြီးနောက် သူ့ယောင်းမအဖြစ် နောက်တကြိမ်မဲထပ်ပေးခဲ့ပါတယ်။ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် သမင်ဘေးကျေးရွာအုပ်စုက ဒေါ်သီသီခိုင်ဟာ မဲဆန္ဒနယ် ၁ နဲ့ ၂ မှာ မဲတကြိမ်စီ ပေးခဲ့ပါတယ်။ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွမ်းခြံကုန်းရွာနေ ဒေါ်မြတ်ဆုလှိုင်ဟာ မဲရုံ ၂ ခုမှာ မဲ တကြိမ်စီ ပေးခဲ့ပါတယ်။ မအူပင်မြို့နယ် အမှတ် ၅ ရပ်ကွက်က ဦးတင်ထွန်းလွင်အောင်ဟာလည်း မဲရုံ ၂ ခုမှာ မဲ တကြိမ်စီပေးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့က ဦးစိုးလွင်ဟာ ကြိုတင်ဆန္ဒမဲ ၂ ကြိမ်ပေးခဲ့ပြီး ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် နမ့်တီးရွာမှာတော့ စိုင်းအိုက်သန်း ပေးရမယ့်မဲကို တူတော်စပ်သူ စိုင်းနွံဟန်ခေးက ပေးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ရွာသာယာကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမြင့်၊ အဖွဲ့ဝင် ဦးသန်းစိုးနဲ့ ဦးဖိုးပြားတို့ဟာ မဲဆန္ဒရှင် ၂ ယောက်ကို မဲ ၃ ရွက်စီပေးရမယ့်အစား ၂ ရွက်ပဲ ပေးပြီး ကျန်တဲ့တစောင်စီအတွက် လက်မှတ်လိမ်လည်ထိုးထားခဲ့ပါတယ်။ ဧရာဝတီတိုင်း ကျုံမငေးမြို့ ပုလဲအောင်မြေရပ်ကွက်က ဦးဝင်းမင်းဦးဟာ မဲလက်မှတ်ကို ပုံးထဲ မထည့်ဘဲ ဆုတ်ဖြဲပစ်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈၊ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈၊ ၅၉ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ နဲ့ ၄၆၈ တို့ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပြီး လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈၊ ၅၉ တို့ကတော့ ကျူးလွန်ကြောင်း စီရင်ခံရရင် ထောင်ဒဏ်အများဆုံး ၁ နှစ်၊ ငွေဒဏ်အများဆုံး ၁ သိန်း၊ ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံး ကျခံရမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024