လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းရဲက ဖမ်းဆီး
နန်းမြနဒီ
·
August 6, 2013
မြန်မာနိုင်ငံက အလုပ်သမားတွေခေါ်ပြီး ထိုင်းငါးဖမ်းလှေပေါ်ရောင်းချကာ လူသတ်မှု နဲ့ မုဒိမ်းမှုတွေပါ ကျူးလွန်တယ်လို့ သံသယရှိတဲ့ မြန်မာဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးမိပြီးနောက် သူရဲ့ အပေါင်းပါ ၃ ဦးကို ထိုင်းရဲက ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း တရန်းခရိုင် ကဒန်လှေဆိပ်တလျှောက်မှာ ကျင်လည်ကျက်စားနေတဲ့ အဖွဲ့ခေါင်းဆောင် ကိုမျိုး ခေါ် နိုင်းယောင်းကို ရာဘာခြံတခုထဲမှာ ဩဂုတ် ၁ ရက်နေ့က ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။
အပေါင်းပါ ၃ ဦးကိုတော့ ဩဂုတ် ၂ ရက်နဲ့ ဒီကနေ့ မွန်းလွဲပိုင်းမှာ တရန်းခရိုင် တရန်းမြို့နယ်ထဲ ထပ်မံဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
ကိုမျိုးကို မဖမ်းမိခင် နောက်လိုက်တဦးကို ၃၁ ရက်နေ့က ဖမ်းမိခဲ့တဲ့အတွက် စုစုပေါင်း မြန်မာနိုင်ငံသား လူကုန်ကူးမှုအဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးရမိထားပါတယ်။ သူတို့ ၅ ဦးကို တရန်းမြို့နယ် ကဒန်ရဲစခန်းမှာ စစ်ဆေးနေပြီး လွတ်မြောက်နေတဲ့ မြန်မာနိုင်ငံသား နောက်တဦးကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ကိုမျိုးနဲ့ အပေါင်းပါတွေဟာ ၁၀ နှစ်ကျော်ကာလအတွင်း အနည်းဆုံး လူ ၄၀ ကို သတ်ဖြတ်တာ၊ အမျိုးသမီးတဦးကို မုဒိမ်းကျင့်ပြီး ရေထဲပစ်ချတာ၊ လူ ၇၀၀ နီးပါးကို ငါးဖမ်းလှေပေါ် အဓမ္မရောင်းချတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကယ်ဆယ်ရေးစခန်းရောက် မျက်မြင်သက်သေ ၁၅ ဦးက ထွက်ဆိုခဲ့သလို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း တခြားသက်သေအထောက်အထားတွေ ခိုင်လုံစွာရထားတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။
ကဒန်ရဲစခန်းက သူတို့ကို စစ်ဆေးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး လူကုန်ကူးမှု၊ မုဒိမ်းမှု၊ လူသတ် မှုတွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။