မြန်မာနိုင်ငံအတွက် ဂျပန်က ကန်ဒေါ်လာ ၄၁၄ သန်း ထုတ်ချေးမည်
DVB
·
November 9, 2020
မြန်မာနိုင်ငံအတွင်း အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေကို ငွေကြေးထောက်ပံ့ဖို့နဲ့ လမ်းတွေ ဖောက်လုပ်ဖို့ အတိုးနည်းချေးငွေ အမေရိကန်ဒေါ်လာ ၄၁၄ သန်း ထုတ်ချေးဖို့ ဂျပန်နဲ့ မြန်မာအရာရှိတွေ နိုဝင်ဘာ ၈ ရက်မှာ လက်မှတ်ရေးထိုးပါတယ်။
မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သွားမယ့် အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းအတွင်း ပဲခူး-ကျိုက်ထို လမ်းပေါ်မှာ တံတားတစင်း တည်ဆောက်ဖို့ ဂျပန်ယန်းငွေ ၂၇ ဒသမ ၇၈ ဘီလီယံကို လျာထားပြီးပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိချိရို မာရုယာ့မာ့နဲ့ မြန်မာစီမံကိန်းဘဏ္ဍာရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းတို့အကြား ဒီသဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့က လက်မှတ်ထိုးခဲ့ပါတယ်။
တံတားတည်ဆောက်မှုဟာ ကုန်စည်သယ်ယူပို့ဆောင်ရေး ထိရောက်မှုကို တိုးမြှင့်ပေးလိမ့်မယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာရဲ့ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေး ပမာဏ ပိုတိုးလာဖို့ မျှော်လင့်ထားလို့ ကုန်စည်သယ်ယူပို့ဆောင်ရေး ထိရောက်မှုကို တိုးမြှင့်ဖို့ အရှေ့ အနောက် စီးပွားရေး စင်္ကြံလမ်း တိုးတက်ရေးက မရှိမဖြစ် အရေးပါတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ကျန်တဲ့ချေးငွေတွေကတော့ မြန်မာနိုင်ငံအတွင်း အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေ လုပ်ငန်းတိုးချဲ့ဖို့နဲ့ သူတို့လုပ်ငန်းတွေ တည်ငြိမ်ရေး ထောက်ပံ့ဖို့ ရန်ပုံငွေအဖြစ် သုံးခွင့်ပြုမယ်၊ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဟာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါ။
ချေးငွေတွေဟာ ကပ်ရောဂါရဲ့ သက်ရောက်မှု ကြားကနေ အဲဒီလုပ်ငန်းတွေက ဝန်ထမ်းတွေကို ဆက်ပြီး အလုပ်ခန့်ထားနိုင်ရေး ဖန်တီးပေးလိမ့်မယ်လို့ ဝန်ကြီးဌာနကို ကိုးကားပြီး ဂျပန်တိုင်းမ်စ် သတင်းဌာနက ဖော်ပြပါတယ်။