သံတွဲမြို့နယ် လွှတ်တော်သုံးရပ်စလုံးတွင် အန်အယ်လ်ဒီအနိုင်ရရှိ
DVB
·
November 9, 2020
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ လွှတ်တော်သုံးရပ်စလုံး အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရတယ်လို့ ရခိုင်ပြည်နယ် အန်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ရီက ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။
"ဟုတ်ပါတယ်။ သံတွဲမြို့နယ်မှာ နေရာ ၄ နေရာကဝင်ပြိုင်တာ ၄ နေရာလုံးနိုင်ပါတယ်။ နေရာအားလုံး အနိုင်ရတာသေချာသွားပါပြီ။ နောက်မြို့တွေကလည်း အနိုင်ရတာတွေရှိတယ် အတည်မပြုနိုင်သေးဘူး။"လို့ပြောပါတယ်။
သံတွဲမြို့နယ်မှာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)(၂)နဲ့ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နေရာတွေမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေက အနိုင်ရသွားတာ ဖြစ်ပါတယ်။
သံတွဲမြို့နယ် မဲဆန္ဒနယ်(၂)ကနေ အနိုင်ရရှိသွားတဲ့ ဦးဝေဇံဖြိုးကျော်က "မှန်ပါတယ်၊ အားလုံးနေရာ အနိုင်ရရှိပါတယ်။ ဝမ်းသာစရာကောင်းပါတယ်။ မဲအနိုင်စာရင်းတွေက ညနေ ၄ နာရီလောက်မှရမှာဗျ။ ကော်မရှင်ရုံးကို အားလုံးအစည်းအဝေးခေါ်ထားတယ်။"လို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း ၆၄ ယောက် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
လင်းလက်