ဗလင်စီယာကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းအတွက် အပြည့်အဝတာဝန်ရှိကြောင်း ရီးရဲလ်နည်းပြ ပြော

ဗလင်စီယာအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အတွက် သူ့မှာ တာဝန်ရှိတယ်လို့ ရီးရဲလ်နည်းပြ ဇီဒန်းက ပြောပါတယ်။  ဒီပွဲမှာ ဗလင်စီယာအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒါဟာ ဇီဒန်းလက်ထက်မှာ ပထမဆုံးအကြိမ် ၄ ဂိုးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ ဗလင်စီယာအသင်းအတွက် ကားလို့စ်ဆိုလာက ပင်နယ်တီကနေ ဟက်ထရစ် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒါဟာ ၂၁ ရာစုအတွင်း လာလီဂါပြိုင်ပွဲမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဘင်ဇီမာက ရီးရဲလ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပေမယ့် ဆိုလာရဲ့ ပင်နယ်တီ ဟက်ထရစ်အပြင် ဗာရာနီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ဂိုးပြတ်ခဲ့တာပါ။ ဒါဟာ ဘာစီလိုနာအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ၄ ဂိုး ပေးရတာလည်း ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် ရီးရဲလ်အသင်းဟာ အောက်တိုဘာ‌လ နိုင်ငံတကာ ပွဲစဉ်တွေအပြီး ကစားခဲ့တဲ့ ၇ ပွဲမှာ ပေးဂိုး ၁၄ ဂိုးအထိရှိလာပြီး အသင်းအနေနဲ့ ခံစစ်ပြဿနာကို ဖြေရှင်းရတော့မယ်လို့ ဇီဒန်းက ဝန်ခံပါတယ်။ အသင်းရလဒ်အတွက် အပြစ်တင်မှုတွေကိုလည်း လက်ခံတယ်လို့ သူက ပြောပါတယ်။ “ပင်နယ်တီ ၃ လုံးနဲ့ own goal ၁ ဂိုးပေးရတာ တာ်တော်များပါတယ်။ ကျနော်ဟာ နည်းပြဖြစ်တဲ့အတွက် ဒါဟာ ကျနော့်အမှားပါ။ ဒီအတွက် အဖြေကို ရှာဖွေရပါမယ်။ ဘာတွေ ဖြစ်ခဲ့သလိုဆိုတာ ပြောဖို့ ခက်နေပါတယ်။ ဆိုးရွားတဲ့ နေ့တစ်နေ့ပါ။ ဘာစောကဒမှ မရှိပါဘူး။ ခံစစ်ကို အခုထက် ပိုတိုးတက်အောင် လုပ်ရပါမယ်။ ကျနော်တို့ထက် ဗလင်စီယာအသင်းဘက်က နည်းဗျူဟာပိုင်း ပိုကောင်းခဲ့တယ်လို့ မထင်ပါဘူး။ ကျနော်တို့ ပွဲကိုကောင်းကောင်းစတင်နိုင်ခဲ့ပြီး ဂိုးရရှိပြီးနောက်မှာ အားလုံးပြောင်းလဲသွားခဲ့ပါတယ်။ ဒါဟာ နားလည်ရခက်ပါတယ်။ ဒါပေမဲ့ တာဝန်အရှိဆုံးကတော့ ကျနော်ပါပဲ။”  ဗာရာနီရဲ့ ကိုယ့်ဂိုး ကိုယ်သွင်းယူမှုဟာ ပြိုင်ပွဲစုံ ၅ ပွဲအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ကွင်းလယ်ဖန်တီးရှင် အစ္စကိုဟာလည်း ဒီပွဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။  ဒီပွဲမှာ အစ္စကိုဟာ အောက်တိုဘာ ၁၇ ရက်နေက်ပိုင်း ပထမဆုံးအဖြစ် ရီးရဲလ်အသင်းမှာ ပါဝင်ခဲ့ပြီး လူစားလဲမခံရခင် ၈၃ မိနစ်အတွင်း ကန်သွင်းမှု တကြိမ်နဲ့ ဖန်တီးမှု တကြိမ်သာ ရှိခဲ့ပါတယ်။  ဒီပွဲမှာ ရီးရဲလ်အသင်းအတွက် အားထားရတဲ့ ကွင်းလယ်လူ ကတ်စမဲရိုးနဲ့ တိုက်စစ်မှူး ဟာဇတ်တို့ဟာ ကိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ဇီဒန်းကတော့ အစ္စကိုဟာ ပွဲပန်းနေတာကြောင့်လို့ ကာကွယ်ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up