Home
မြန်မာသတင်း
ကမ္ဘာ့မီဒီယာများတွင်ဖော်ပြသည့် မြန်မာရွေးကောက်ပွဲ  
DVB
·
November 9, 2020
မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ မဲပေးမှုဟာ နိုဝင်ဘာ ၈ ရက်နေ့  ညနေ လေးနာရီမှာ ပြီးစီးလို့ မဲတွေကို စတင် ရေတွက် နေပါပြီ။ လွှတ်တော် နှစ်ရပ်ပေါင်း မဲ သုံးပုံ ၂ ပုံ နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ ပါတီက မျှော်လင့်ထားတယ်လို့ ဂျပန်အခြေစိုက် Nikkei  သတင်းဌာနက အချိန်နဲ့ တပြေးညီ အစီရင်ခံပါတယ်။ ပါတီအသီးသီးက ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေ ရှေ့မှာ မဲတွေကို စတင် ရေတွက် နေကြပြီး အန်အယ်လ်ဒီပါတီက ရှေ့ပြေး ဦးဆောင်နေတယ်လို့ Nikkei သတင်းဌာနကရေးပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကဝင်ငွေရင်းမြစ်တွေထဲက နှစ်ရပ်ဖြစ်တဲ့ အထည်ချုပ်နဲ့ ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ကြောင့် စီးပွားရေးကို ပြည်သူတွေ ရုန်းကန် ရင်ဆိုင်နေရတာပါ။  မဲဆွယ် ချီတက်ပွဲတွေကို တားမြစ် ပိတ်ပင်ထားပါတယ်။ စစ်တပ်နဲ့ အတိုက်အခံ ပါတီတွေက ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆို ချက်ကို အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ပါတယ်။ မွန်ပြည်နယ်က ရွာတရွာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ် ဆိုသူအမျိုးသမီးတယောက်ဟာ မဲစာရွက် အတုတွေ အိတ်ထဲ ထည့်လာမှုနဲ့ အဖမ်းခံ ထားရတယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။ မဲရုံအရာရှိတွေရဲ့ ကြားဝင် နှောင့်ယှက်မှုကြောင့် စောင့်ကြည့်သူ ၅ ရာခိုင်နှုန်းက တာဝန်ကို မထမ်းဆောင်နိုင်ဘူးလို့ မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်ရေး အကြီးဆုံး အဖွဲ့အစည်း ဖြစ်တဲ့ People’s Alliance for Credible Elections ကို ကိုးကားပြီး Nikkei သတင်းမှာ ရေးထား ပါတယ်။  The Hindustantimes သတင်းစာ  မြန်မာနိုင်ငံက ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲမှာ မဲထွက်ပေးသူတွေ အမြောက်အများ ရှိခဲ့ပြီး လက်ရှိအာဏာရ အန်အယ်လ်ဒီပါတီသာ မဲပြန်နိုင်မယ်လို့ မျှော်လင့်နေကြတယ်လို့ သဟိန်ဒူစတန်တိုင်းမ်စ် သတင်းစာက ရေးပါတယ်။ ဆယ်စုနှစ် ငါးခုကျော် စစ်အာဏာရှင် အုပ်ချုပ်ရေး အဆုံးသတ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်ဒီ ပါတီဟာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ခြိမ်းခြောက်မှု ရှိနေပေမယ့် မဲဆန္ဒရှင်တွေဟာ ပါးစပ်နှာခေါင်းစည်းတွေ ပလတ်စတစ် မျက်နှာကာတွေ လက်အိတ်တွေကို ဝတ်ဆင်ပြီး ကိုယ်ပူချိန်တိုင်းတာ လက်သန့်ဆေးတွေကို အခမဲ့ ပေးတာတွေကို အရာရှိတွေက စီစဉ်ပေးထား ခဲ့တယ်၊ လူချင်းခွာရင်း မဲပေးတာကို တချို့နေရာမှာသာ လိုက်နာနိုင်ခဲ့ကြတယ်လို့လည်း  ဟိန်ဒူစတန်တိုင်းမ်စ် သတင်းဌာနက ရေးသားထားပါတယ်။  BBC ခုချိန်ထိ အာဏာအကြီးအကျယ် ဆုပ်ကိုင်ထားဆဲဖြစ်တဲ့စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ အာဏာခွဲဝေရေး သဘောတူညီချက် အရအစိုးရ ဖွဲ့ခဲ့တဲ့ အန်အယ်လ်ဒီ အစိုးရဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်ပြီး အာဏာရဦးမယ်လို့ မျှော်လင့်ရတဲ့ အကြောင်း ဘီဘီစီ သတင်းဌာနက သင်းထုတ်ထားပါတယ်။  လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အလယ်မှာ ဝေဖန်မှု ရင်ဆိုင်ရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းမှာ အကြီးအကျယ် လူကြိုက်များဆဲမို့ ရွေးကောက်ပွဲ နိုင်မယ်လို့ ယုံကြည် ထားကြကြောင်း ဘီဘီစီက ဆိုပါတယ်။ Macedonia Information Agency မြန်မာနိုင်ငံ ရွေးကောက်ပွဲကို မြန်မာနိုင်ငံနဲ့ နိုင်ငံရေး စီးပွားရေး အဆက်အဆံ ရှိတဲ့ အာရှ ဥရောပနဲ့ အမေရိကန် အခြေစိုက် သတင်းမီဒီယာတွေကချည့် စိတ်ဝင်စား တာတော့ မဟုတ်ပါဘူး မက်ဆီဒိုးနီးယား သတင်း အေဂျင်စီကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ က မဲနိုင်မယ်လို့ ထင်ကြေးပေးထားတဲ့ အကြောင်း နိုဝင်ဘာ ၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူဦးရေနေ့စဉ် ရာဂဏန်းရှိနေပေမယ့် မဲပေးသူဦးရေက မျှော်လင့်ထားတာထက်ပိုများခဲ့တယ်လို့ ဒေသခံ မီဒီယာတွေကို ကိုးကားဖော်ပြပါတယ်။ အန်အယ်လ်ဒီ NLD  က ရွေးကောက်ပွဲ နိုင်မယ်လို့ ယုံကြည်ထားပေမယ့် နယ်စပ်ဒေသ တိုင်းရင်းသားတွေအကြား မဲကွဲနိုင်ပြီး တိုင်းရင်းသားပါတီငယ်တွေကြောင့် ရွေးကောက်ပွဲ နိုင်တဲ့ မဲဆန္ဒနယ်အရေအတွက် က ၂၀၁၅ ကထက် လျော့နည်း နိုင်ချေ ရှိတယ်လို့လည်း နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေကို ကိုးကားပြီး မက်ဆီဒိုးနီးယား အင်ဖော်မေးရှင်း အေဂျင်စီက ပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024