ဝမ်းတွင်း နှင့် သာစည်တွင် အမျိုးသားလွှတ်တော် မဲစာရွက်များ လွဲမှားမှု မဲပြန်ပေးခွင့်ရ
DVB
·
November 8, 2020
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်နဲ့ သာစည်မြို့နယ်မှာ နိုဝင်ဘာလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့ မနက်ပိုင်းက မဲပေးရမယ့် စာရွက်တွေ လွဲမှားမှုဖြစ်ခဲ့ပေမဲ့ မဲပြန်ပေးခွင့်ရခဲ့တယ်လို့ သိရပါတယ်။
အမှတ် (၈) မဲဆန္ဒနယ်အမျိုးသားလွှတ်တော် မဲလက်မှတ်တွေ မဟုတ်ဘဲ အမှတ် (၇) မဲဆန္ဒနယ်ဖြစ်တဲ့ မိတ္ထီလာ၊ မလှိုင် မဲစာရွက်အုပ်တွေ ဖြစ်နေလို့ ပြန်ထည့်ပေးရတယ်လို့ ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးလက်ထောက်ညွှန်မှူး ဦးမျိုးမင်းထိုက်က ပြောပါတယ်။
“သာစည်ကတော့ ပြန်ထည့်ပေးပြီးပြီ၊ ဝမ်းတွင်းကိုလည်း အမြန်ဆုံးပြန်ထည့်ပေးဖို့ လုပ်နေတယ်။ မျက်နှာဖုံးမှာက ဝမ်းတွင်းနဲ့ သာစည် မြို့နယ် ၂ ခု ကိုယ်စားပြု အမှတ်(၈)မဲဆန္ဒနယ် အတွင်းက မဲစာရွက်တွေက မိတ္ထီလာနဲ့ မလှိုင် အမှတ် (၇) မဲဆန္ဒနယ်အတွက် ဖြစ်နေတယ်။”
မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်အိအိမိုးက “ပင်းတလဲနဲ့ တဲစုဘက်မှာ လွဲမှားမှု ဖြစ်တယ်။ အားလုံး ၇၃ ရွက်လောက် မှားတယ်၊ မဲပြန်ပေးကြတယ်၊ အဆင်ပြေသွားပါပြီ” လို့ ပြောပါတယ်။
ပင်းတလဲရွာခွဲအုပ်ချုပ်ရေးမှူးဦးကျော်ဝင်းက “မဲရုံ ၁ မှာပဲ ၆၁ ရွက် မှားသွားတယ်၊ မဲပြန်ပေးကြတယ်။ လွဲတာကတော့ စာအုပ် ၄ အုပ်လွဲတယ်။ ကျန်တာတွေက မသုံးရသေးဘူး” လို့ ပြောပါတယ်။
ကိုင်းကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်စိန်က “မဲရုံးမှူးလုပ်တဲ့ ဆရာမတွေ တော်တာပါ။ မနက်ဖြန် မဲပေးဖို့ တံဆိပ်ရိုက် လက်မှတ်ထိုးရင်း အရင်မဲစာအုပ်တွေနဲ့ မတူတာ သတိပြုမိကြတာပါ” လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့နယ်မှာ မဲဆန္ဒရှင် ၂ သိန်းနီးပါးရှိပြီး ကြိုတင်မဲက ၃ သောင်းနီးပါး ပေးထားတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း