မူဆယ်တွင် အဝေးပြေးကားသမားများနှင့် ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့်ဆုံးရှုံး 

ဓာတ်ပုံ-အောင်ကျော်ဇင်
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်ထဲမှာ အနယ်နယ်အရပ်ရပ်က လာရောက်လုပ်ကိုင် စားသောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ အဝေးပြေးကုန်တင်ကားသမားတွေနဲ့ ယာဉ်နောက်လိုက်တွေ  အများအပြား မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။  အဓိကကတော့ သူတို့ဟာ မူဆယ်မှာ အိမ်ထောင်စုစာရင်းမရှိဘဲ မူဆယ်မှာလည်း အိမ်ခန်း ငှားပြီးနေထိုင်ကြရတာမို့ ပုံစံ ၁၅ မဲပေးခွင့်တောင်းရာမှာလည်း အခက်အခဲတွေရှိနေလို့ မဲမထည့်နိုင်ကြကြောင်း  မူဆယ်ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။  “အလုပ်သမားတွေရော၊ ကားသမားတွေရော ဒီမှာလာပြီး အခြေချတဲ့သူတွေက သောင်းဂဏန်း ရှိတယ်။ သူတို့က မဲထည့်ချင်ကြတယ်၊ ဒါပေမဲ့ အဆင်မပြေကြဘူး။ ဘာလို့လဲဆိုတော့ အများစုက ဒီမှာအိမ်ငှားနေကြတာ၊ အိမ်ငှားနေတယ်ဆိုတော့ကာ စာချုပ်စာတမ်း အထောက်အထားတွေ ပြရတယ်။ ရွှေ့ပြောင်းအလုပ်သမားဆိုတော့ကာ ဘယ်လောက်ကြာနေမယ်မသိဘူး။ စာချုပ်တွေ လုပ်မထားရဘူး။ စာချုပ်မရှိတော့ ရပ်ကွက်ထောက်ခံစာမရှိဘူးပေါ့။ အဲဒီတော့ ပုံစံ ၁၅ လည်း မတင်ရဘူးပေါ့။” မူဆယ် ၁၀၅ မိုင်ဘက်မှာတော့ မဲပေးခွင့်မရတဲ့ ကုန်တင်ကားသမားတွေ စုပြီး မဲပေးခွင့်ရဖို့ သက်ဆိုင်ရာမဲရုံမှူးတွေဆီ တောင်းခံခဲ့ကြောင်း၊ မရရင် ဆန္ဒပြမယ်လို့လည်း ကြားတာကြောင့် တာဝန်ရှိသူတွေက သွားရောက်ဖြေရှင်းဖျောင်းဖျခဲ့တယ်လို့ မူဆယ်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။  မူဆယ်ခရိုင်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ပလောင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီနဲ့ ကချင်အမျိုးသားပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up