ကနီမြို့နယ်၌ ပုံစံ ၁၅ ဖြင့်လျှောက်ထားခဲ့သူ အယောက် ၅၀ ကျော် မဲပေးခွင့်မရ
DVB
·
November 8, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာ မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေဟာ မဲပေးခွင့်ရဖို့ ပုံစံ ၁၅ နဲ့ လျှောက်လွှာတင်ထားပေမဲ့ ဆန္ဒမဲလက်မှတ် မဲပြားတွေမရောက်လာလို့ မဲမပေးလိုက်ရသူ ၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။
"ကျနော်က မကွေးတိုင်းဘက်ကနေ ကနီနယ်ကိုတာဝန်ကျနေတဲ့ ဝန်ထမ်းပါ။ ကနီမြို့ကနေ ပုံစံ ၁၅နဲ့ ကနီမြို့နယ် ကော်မရှင်လျှောက်လွှာလည်း တင်တယ်၊ အခုအချိန်အထိ မဲမပေးရသေးဘူး။ ကျနော်အပါဝင် မကွေးမြို့က လူ ၈ ဦးရှိပါတယ်။ ကျနော်သိတာသလောက်ဆို မဲမပေးလိုက်ရသူ အတော်များတယ်" လို့ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ပြောပါတယ်။
ကနီမြို့နယ်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပုံစံ ၁၅ နဲ့ မဲပေးနိုင်တဲ့သူ ပေါင်း ၃၈၃ ဦးရှိပြီး မဲလာပေးသူဦးရေ ၂၁၉ ဦး ရှိပါတယ်။ မဲပြားရောက်လာပေမဲ့ မဲလာမပေးတဲ့ လူဦးရေကလည်း ၁၁၀ ရှိပါတယ်။
ကနီမြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်အေးက "ကနီမြို့နယ်နေ ပုံစံ ၁၅ နဲ့ လျှောက်ထားတာ မှန်သမျှကို သက်ဆိုင်ရာမြို့နယ်တွေကို ပေးပို့ပေးပါတယ်။ သက်ဆိုင်ရာမြို့နယ်တွေက အကြောင်းအမျိုးမျိုးကြောင့် ပြန်ရောက်မလာတာ နေမှာပါ" လို့ ပြောပါတယ်။
ကနီမြိုနယ်မှာ ပုံစံ ၁၅ နဲ့ မဲမရောက်လို့ မပေးလိုက်ရသူ ၅၄ ယောက်ရှိပြီး မဲပြားအများဆုံး မရောက်တာက မသဖန်းဆိပ်ရွာကဖြစ်တယ်လို့ သိရပါတယ်။
သတင်း-ကျော်မင်းသန့်