Home
မြန်မာသတင်း
မြန်မာ့ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမည်မဟုတ်ဟု အပြည်ပြည်ဆိုင်ရာဒုက္ခသည်များအဖွဲ့ ဝေဖန် 
DVB
·
November 8, 2020
နိုဝင်ဘာ ၈ ရက် ဒီကနေ့မှာ ကျင်းပနေတဲ့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာလိမ့်မှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များအဖွဲ့(Refugees International)က ထုတ်ပြန်လိုက်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းရှေ့နေ ဒန်နီယယ်လ် ပီ ဆူလီဗန်က မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှတ်တိုင်တခုလို့ ကမ္ဘာက ရှုမြင်ခဲ့ကြကြောင်း၊ ဒါပေမဲ့ အခုနှစ်ရဲ့ ရွေးကောက်ပွဲကတော့ နိုင်ငံရဲ့ ဒီမိုကရေစီ ကတိကဝတ်တွေကနေ ဘယ်လောက်ထိ သွေဖယ်သွားခဲ့သလဲဆိုတာကို ဖော်ပြနေကြောင်း  နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်တဲ့  ကြေညာချက်ထဲမှာ  ပြောလိုက်တာပါ။ နောက်ပြီးတော့ မြန်မာနိုင်ငံက လူဦးရေ ၁ သန်းကျော်ဟာ မဲပေးခွင့် ရုပ်သိမ်းခံရတာ ဒါမှမဟုတ် နေရပ်စွန့်ခွာဒုက္ခသည်တွေအနေနဲ့ တိမ်းရှောင်နေရတဲ့အတွက် ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးလို့ ပြောလိုက်တာ ဖြစ်ပါတယ်။ မဲပေးနိုင်ဖို့ အခွင့်အလမ်း ဆုံးရှုံးရသူတွေထဲမှာ အများဆုံးက ရိုဟင်ဂျာတွေနဲ့ နယ်စပ်ဒေသက တခြားတိုင်းရင်းသားလူနည်းစုတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူတို့ထဲက ရိုဟင်ဂျာဒုက္ခသည် ၉ သိန်းနီးပါးကတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတ နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေကြပြီး မြန်မာနိုင်ငံထဲမှာ ကျန်ရှိနေတဲ့ ၆ သိန်း လောက်ကတော့ ဖိနှိပ်ဆက်ဆံခံရတာတွေ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေအနေနဲ့ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုလာစေဖို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်းလာစေဖို့အတွက် မြန်မာခေါင်းဆောင်တွေကို အလေးအနက်ထား ဆောင်ရွက်စေဖို့ တွန်းအားပေးသင့်ကြောင်း၊ လူတိုင်းရဲ့ အသံကို ထည့်သွင်းမှသာ ဒီမိုကရေစီ ရှင်သန်လာနိုင်မှာ ဖြစ်တယ်လို့လည်း (Refugees International) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024