Home
မြန်မာသတင်း
ညောင်လေးပင်တွင် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ် ၁ စောင် ဆုတ်ဖြဲခံရ
DVB
·
November 8, 2020
124170926_2513707438921949_1770944418876588055_n
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မယ်ဇလီခင်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း မဲရုံအမှတ်(၃) မှာ ဒီနေ့မနက် ၈ နာရီလောက်က ​ပြည်သူ့လွတ်​တော်ဆန္ဒမဲတစ်စောင် ဆုတ်​ဖြဲခံရတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့ မဲရုံတာဝန်ကျ လုံခြုံရေးအရာရှိတဦးက ပြောပါတယ်။ ဆန္ဒမဲပေးသူတစ်ဦးက ပြည်သူ့လွှတ်တော်မဲလက်မှတ်ကို ထုတ်ယူပြီး ဆန္ဒပြုခန်းမှာ ဆန္ဒမဲပေးပြီကာမှ သုံးပိုင်းပိုင်းပြီး မဲထည့်ရတယ်လို့ထင်ကာ ဆုတ်ဖြဲလိုက်တာလို့ ဆိုပါတယ်။ "အသက်က ၃၀ ကျော်လောက်ရှိပါပြီ။ အရက်သေစာသောက်စားထားတာလည်းမရှိဘူး၊ သူ့စိတ်ထဲမှာ သုံးပိုင်းပိုင်းပြီး ထည့်ရမယ်ထင်လို့ ဆုတ်ဖြဲလိုက်တာလို့ပြောတယ်။" လို့ လုံခြုံရေးအရာရှိက ပြောပါတယ်။ ကျန်ရှိတဲ့ အမျိုးသားလွှတ်တော်နေရာနဲ့ တိုင်းဒေသကြီး နေရာအတွက်ကို သူ့ကို မဲပေးခွင့်ဆက်မပြုတော့ပဲ မဲပေးခွင့်ကို ရပ်ဆိုင်းလိုက်တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့( ခွဲ ) အဖွဲ့ဝင် ဦးသိန်းနိုင်က ပြောပါတယ်၊ "သူ့ကိုတော့ ကျနော်တို့က နောက်မဲနှစ်ခုပေးဖို့ ရပ်ဆိုင်းလိုက်တယ်။ တကယ်လို့များ သူမကျေနပ်ဘူးဆိုရင် အရေးယူရမှာပေါ့။ ထောင်ဒဏ်တစ်နှစ်ကျမယ်၊ ငွေဒဏ် တစ်သိန်းကျမယ်၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးလည်း ကျသွားနိုင်တယ်၊ ဒါကြောင့်မို့ ကျနော်တို့က ဖြေလျော့ပြီး ပါတီတွေနဲ့ ကော်မရှင်တွေ ညှိနှိုင်းပေါင်းစပ်ပြီး အားလုံးအဆင်ပြေသွားပါတယ်။" ပြည်သူ့လွှတ်တော်ဆန္ဒမဲဆုတ်ဖြဲခံရတာနဲ့ ပတ်သက်ပြီး ရပ်ကျေးကော်မရှင်တွေ၊ ပါတီအသီးသီးက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီ ခံဝန်ကတိထိုးခိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ညောင်လေးပင်မြို့နယ်မှာ မဲဆန္ဒရှင် ၁၆၄,၀၀၀ ‌ဦးကျော်ရှိပြီး ရပ်ကွက်ကျေးရွာအုပ်စု ၆၁ ခုမှာ မဲရုံ ၁၅၀ ရုံ ဖွင့်လှစ်ထားရှိပါတယ်။ ညောင်လေးပင်မြို့နယ်က မဲဆန္ဒနယ်အသီးသီးမှာ ပါတီ ရှစ်ခုက ကိုယ်စားလှယ်လောင်း ၂၆ ဦးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁ ဦး စုစုပေါင်းကိုယ်စားလှယ်လောင်း ၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံနေတာ ဖြစ်ပါတယ်။ ဒီနေ့မနက် ၁၀ နာရီ ခွဲအချိန်အထိ ဆန္ဒမဲလာရောက်ပေးသူ ၃၃,၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ- နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024