Home
မြန်မာသတင်း
ကိုညီညီလွင် အိမ်ထောင်ကျ
အေးနိုင်
·
August 2, 2013
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကိုဦးဆောင်ခဲ့သူလို့ ထင်ရှားတဲ့ အရှင်ဂန္ဘီရဟာ လူဝတ်ကြောင်ဘ၀မှာ နှစ်ချီနေခဲ့ပြီးတဲ့နောက် အိမ်ထောင်ပြုလိုက်ပြီဖြစ်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ ထင်ရှားတဲ့ ဦးဂမ္ဘီရတဖြစ်လည်း ကိုညီညီလွင်ဟာ မနေ့တုန်းက လက်ထပ်ထိမ်းမြားမင်္ဂလာကို မြန်မာ့ရိုးရာထုံးစံနဲ့အညီ လက်မှတ်ရေးထိုးပါတယ်။ ကိုညီညီလွင်နဲ့ ဩစတြေးလျနိုင်ငံသူ မာရီယာဖရန့်စ်တို့ဟာ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေတွေဖြစ်တဲ့ ဦးသိန်းသန်းဦးနဲ့ ဒေါ်ရွက်နုအောင်တို့ ရှေ့မှောက်မှာ မြန်မာ့ထုံးတမ်းဥပဒေနဲ့အညီ လက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ်။ ကိုညီညီလွင်က “ဘ၀မှာ အပျော်ဆုံနှစ် သုံးနှစ်ရှိတာပေါ့။ ရှင်လိင်ပြန်တဲ့နေ့ရယ်၊ မိန်းမယူတဲ့နေ့ရယ်၊ ထောင်ကထွက်တဲ့နေ့ရယ်ပေါ့။ အဲဒီ သုံးခုစလုံးကို ဆုံဖူးလိုက်ပြီပေါ့။ ဖြတ်သန်းလိုက်ပြီးပြီပေါ့။ ဘာတွေ ဆက်ဖြစ်မလဲ မသိဘူးပေါ့” လို့ ပြောပါတယ်။ သူတို့နှစ်ဦးဟာ အင်တာနက်ကနေ ဆက်သွယ်စကားပြောရာက မေတ္တာမျှပြီး အိမ်ထောင်ပြုကြတာပါလို့ ဆိုပါတယ်။ သူတို့နှစ်ဦး မန္တလေး ခရိုင်တရားရုံးမှာ သွားရောက်လက်ထပ်ပေမယ့် နိုင်ငံခြားသူကို လက်ထပ်ပေးရင် အထက်အဆင့်ဆင့်တင်ရာမှာကို ရှောင်လွှဲလိုတဲ့အတွက် ငြင်းဆန်ခဲ့တာကြောင့် သူတို့ရှေ့နေ ၂ ဦးက အသိသက်သေထားပြီး လက်မှတ်ထိုးခဲ့တာလို့ ရှေ့နေ ဦးသိန်းသန်းဦးက ရှင်းပြပါတယ်။ [caption id="attachment_42205" align="alignright" width="300" caption="ကိုညီညီလွင်နှင့်ဇနီးဖြစ်သူ (ဓာတ်ပုံ - ဦးသိန်းသန်းဦး)"][/caption] “ဩစတြေးလျနိုင်ငံသူ မာရီယာဖရန့်စ် နှစ်ယောက်စလုံးက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတဲ့ အခါကျတော့ ကျနော်တို့ ဗုဒ္ဓဘာသာ ထုံးတမ်း ဥပဒေအရ ဗုဒ္ဓဘာသာဝင် နှစ်ယောက်ဟာ အသိသက်သေ နှစ်ယောက် ရှေ့မှောက်မှာ အရင်တုန်းက ၂၅ ကျပ်တန်၊ အခု ၆၀၀ တန် တံဆိပ်ခေါင်းပေါ်မှာ လက်မှတ်ရေးထိုးပြီးတော့ လက်ထပ် စာချုပ်ချုပ်ဆိုနိုင်ပါတယ်။ မန္တလေး ခရိုင် တရားရုံးထဲမှာ ရှိတဲ့ ရှေ့နေ ဒေါ်ရွက်နုအောင် ရုံးခန်းထဲမှာ လက်ထပ်ပေးလိုက်တာပါ။” နှစ်ဦးစလုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတဲ့အတွက် ၀ါတွင်းကာလမှာ လက်မှတ်ထိုးထားပြီး ၀ါကျွတ်မှ မင်္ဂလာဆောင်ကြမှာ ဖြစ်ပါတယ်။ သူတို့ မြန်မာပြည်မှာ အခြေချဖြစ်ဖို့များပြီး ဩစတြေးလျကိုတော့ သွားရောက်လည်ပတ်မယ်လို့ ကိုညီညီလွင်က ပြောပါတယ်။ အရှင်ဂမ္ဘီရဟာ ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက ထင်ရှားတဲ့ ဦးဆောင်သံဃာတပါးဖြစ်ပြီး အစိုးရက ဖမ်းဆီး လူဝတ်လဲပြီး တရားစွဲဆိုလို့ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့တာပါတယ်။ စစ်ကြောရေးကာလ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိခဲ့တဲ့အတွက် ပြည်ပမှာ ဆေးထွက်ကုသရဖို့ ရှိနေပါတယ်။ ကိုညီညီလွင်ရဲ့ အစ်ကို ကိုအောင်ကျော်ကျော်ကတော့ သူ့ရဲ့ညီသတင်းကို အပြည့်အစုံ မကြားသိရသေးပေမယ့် ငယ်ဖြူသံဃာဝတ်ခဲ့တဲ့ သူ့ညီကို သင်္ကန်းဝတ်နဲ့သာ မြင်တွေ့ချင်တယ်လို့ ပြောပါတယ်။ “သင်္ကန်းဝတ်အနေနဲ့ပဲ ကျနော် မြင်ချင်တာ။ သူ့အနေနဲ့လည်း မြန်မာပြည်မှာ ၂၀၀၇ ရွေဝါရောင်ကိုလည်း ဦးဆောင်ခဲ့တယ်။ သူဒီလိုမျိုး ဖြစ်ခဲ့တယ်။ သင်္ကန်းတွေ ချွတ်ရတဲ့ အတိုင်းအတာကလည်း ထောင်ထဲမှာ ကျနော်တို့ မတရား ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အခြေအနေအရ ရုပ်ပိုင်းဆိုင်ရာတွေ ချို့တဲ့သွားတယ်၊ စိတ်ပိုင်ဆိုင်ရာတွေ ချို့တဲ့သွားတဲ့အတွက် ဒီလို သင်္ကန်းချွတ်ပြီး ဆေးကုသတဲ့အနေအထား ရောက်တာကိုး။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024