Homeရွေးကောက်ပွဲ
ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်ထံမှ UEC အမှတ်အသားမပါ တံဆိပ်တုံးတွေ့သဖြင့် အရေးယူ
ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်ထံမှ UEC အမှတ်အသားမပါ တံဆိပ်တုံးတွေ့သဖြင့် အရေးယူ
DVB
·
November 8, 2020
ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်ဆီကနေ UEC အမှတ်အသား မပါတဲ့ တံဆိပ်တုံးတွေ့ရလို့ အရေးယူထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။
ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ် ၂ ရပ်ကွက်မဲရုံမှာ နိုဝင်ဘာ ၄ ရက်က အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေကို ကြိုတင်မဲကောက်ယူနေချိန် ပြည်ခိုင်ဖြိုးပါတီရဲ့ မဲရုံ ကိုယ်စားလှယ် ဦးအောင်ဆန်းဆီကနေ UEC အမှတ်အသားမပါတဲ့ ဆန္ဒပြု တံဆိပ်တုံးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးတော့ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် အမှတ် ၁၀ ရပ်ကွက်မှာ နေထိုင်သူ ဒေါ်ပြုံးကြည်ဟာ အောက်တိုဘာ ၂၉ ရက်က အမှတ် ၁၀ ရပ်ကွက်မှာ ကြိုတင်မဲ တကြိမ်၊ နိုဝင်ဘာ ၁ ရက်က နန်းတော်ကုန်းကျေးရွာအုပ်စုမှာ ကြိုတင်မဲ တကြိမ်ပေးခဲ့တာကို စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း အင်္ဂပူမြို့၊ ရေလဲအထက်စုရွာမှာနေတဲ့ မဲရုံအဖွဲ့ဝင်တယောက်ဖြစ်သူ ဦးဖြိုးစံလင်းဟာလည်း နိုဝင်ဘာ ၂ ရက်က ပန်းတင်းကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှာ ကြိုတင်မဲ တကြိမ်၊ အဲဒီနေ့မှာပဲ ကရင်ကူးကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှာ ကြိုတင်မဲ တကြိမ် ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း မအူပင်မြို့နယ် ကညင်ဝ ကျေးရွာအုပ်စုက ဦးအောင်မြင့်ဟာ သူ့ရဲ့ ကျေးရွာအုပ်စုမှာ ကြိုတင်မဲတကြိမ်၊ အဲဒီနေ့မှာပဲ ကနူးကျေးရွာအုပ်စုမှာ တကြိမ်ပေးခဲ့တာကို စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။
သူတို့ကို သက်ဆိုင်ရာ မြို့နယ် ရဲစခန်းတွေမှာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ပါပြဋ္ဌာန်းချက်တွေန့ အမှုဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။
ဒီပုဒ်မကို ကျူးလွန်ကြောင်း စီရင်ခံရရင်တော့ ထောင်ဒဏ်အများဆုံး ၁ နှစ်၊ ငွေဒဏ်အများဆုံး ၁ သိန်း၊ ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံး ကျခံရမှာဖြစ်ပါတယ်။