ကိုဗစ်-၁၉ လူနာသစ် ၁,၃၄၂ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၄ ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၃၄၂ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၄ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၄ ယောက်ထဲမှာ အယောက် ၂၀ က  ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၅ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄,၄၄၉ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ်  ၁,၃၄၂ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၀၉၉ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၂၅၃ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၈၄၆ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၀၅၃ ယောက်ကို  နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၉,၂၇၇ ယောက်၊ သေဆုံးသူ ၁,၃၇၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၃,၂၇၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up