A d v e r t i s e m e n t With Us

ကိုဗစ်ကာလ မြန်မာရွှေ့‌ပြောင်းလုပ်သားများကိုကူညီရန် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းဝန်ကြီးချုပ်တို့  ဆွေးနွေး 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ဘေးကာလမှာ  ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကူအညီပေးရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်ပရယုဒ်ကျန်အိုးချားတို့ နိုဝင်ဘာ ၅ ရက်နေ့က တယ်လီကွန်ဖရင့်စနစ်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။  ထိုင်းဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာလမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်း အလုပ်သမားတွေလိုပဲ ကြည့်ရှုစောင့်ရှောက်ပါကြောင်း၊ ဒီကာလမှာ နေရပ်ပြန်လိုတဲ့အလုပ်သမားတွေ အဆင်ပြေချောမွေ့စွာပြန်နိုင်ဖို့ ပံ့ပိုးပေးပြီး ပြန်လို့မရသေးတဲ့ သူတွေအတွက်လည်း နေထိုင်ခွင့်သက်တမ်းတိုးထားပေးကြောင်း၊ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံစီးပွားရေးတိုးတက်မှုမှာ အရေးပါသူတွေဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ စင်တာတစ်ခုဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းနေတယ်လို့ ပြောသွားပါတယ်။  ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံရှိ သံရုံး၊ ကောင်စစ်ဝန်ရုံးတွေမှာ ကြိုတင်ရွေးကောက်ပွဲကောင်းမွန်စွာဆောင်ရွက်ပြီးစီးခဲ့ပြီး လာမယ့် နိုဝင်ဘာ ၈ ရက် တနိုင်ငံလုံးရွေးကောက်ပွဲမှာလည်း မြန်မာအစိုးရအနေနဲ့ အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်းပြောကြားပါတယ်။  လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မားနေတဲ့ပေါ်လည်း စိုးရိမ်မိပါကြောင်း ၊ ကိုဗစ်-၁၉ ပပျောက်ရေးအတွက် ကြိုးစားတွန်းလှန်နေတဲ့ မြန်မာအစိုးရကို စိတ်ခွန်အားပေးပြီး ထိုင်းဘက်ကလည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ခဲ့တဲ့အတွေ့အကြုံတွေ အ သိပညာတွေမျှဝေဖလှယ်ဖို့ အသင့်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး သုတေသန လုပ်ငန်းအောင်မြင်ပြီဆိုရင် ထိုင်းနဲ့မြန်မာ အတူပူးပေါင်းဆောင်ရွက်ဖို့တွေရှိမယ်လို့ လည်း ပြောကြားပါတယ်။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ထိုင်းနိုင်ငံက အခုလို တယ်လီကွန်ဖရင့်မှာ ဆွေးနွေးခွင့်ရအောင်ဖိတ်ခေါ်ခဲ့တဲ့အပေါ်ကျေးဇူးတင်ကြောင်း ၊ ဒါ့အပြင် ကိုဗစ်-၁၉ ကာလ မြန်မာအလုပ်သမားတွေကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တဲ့အပေါ်မှာရော ၊ မြန်မာနိုင်ငံ ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ ကုသရေးထောက်ကူပြုပစ္စည်းတွေ ပံ့ပိုးပေးခဲ့တာ  ၊ အလှူငွေတွေ ပေးပို့ခဲ့တဲ့အပေါ်မှာပါ ကျေးဇူးတင်ရှိကြောင်း ၊ ထိုင်းနဲ့မြန်မာဟာ လွန်ခဲ့တဲ့နှစ်ပေါင်းကာလရှည်ကြာကတည်းက အဘက်ဘက်မှာ အလွန်ရင်းနှီးတဲ့ အိမ်နီးချင်း တွေဖြစ်ပြီး နောက်လည်းအခုလိုစဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးရဖို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။ နှစ်နိုင်ငံအကြီးအကဲတွေဟာ ကိုဗစ်-၁၉ ကာလ ခရီးသွားလာမှုတွေ ကန့်သတ်ထား ရတဲ့ကြားက ကုန်စည်ကူးသန်းရောင်းဝယ်မှုမပြတ်စေဖို့ သက်ဆိုင်ရာတာဝန်ရှိသူအချင်းချင်း ညှိနှိုင်းဆောင်ရွက်ဖို့၊  နယ်စပ်ဒေသ မီးခိုးမြူမှုန်ထပြီး လေထုညစ်ညမ်းမှု ကင်းစင်ရေး ၊ တရားမဝင် ဝင်ရောက်မှုတွေ ကာကွယ်နှိမ်နင်းရေးကိစ္စတွေပါ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေဆွေးနွေးရာမှာ  ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုနေထိုင်တဲ့ ပြည်နယ်တစ်ခုမှာ တရားဝင် ကောင်စစ်ဝန်ရုံးဖွင့်လှစ်ပေးရေး ကိစ္စဆွေးနွေးခဲ့တယ်လို့လည်း မြန်မာနိုင်ငံခြားရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။  ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု ပိုမိုမြှင့်တင်ရေး၊ ပြည်သူတွေအကြား ထိတွေ့ဆက်ဆံမှု ပိုမိုမြှင့်တင်ရေးအတွက် နှစ်နိုင်ငံနယ်စပ်ဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ရေးနဲ့ နယ်စပ်ဒေသတစ်လျှောက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ လည်း သိရပါတယ်။ ကိုးကား- Siamrath/MOFA Source: https://siamrath.co.th/n/195069

A d v e r t i s e m e n t With Us

More News
Up