မဲပေးခွင့်မရသည့်ဒေသမှ အမျိုးသမီးများ၏ အသံများ

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာဒေသအချို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် ဒေသများတွင် ရခိုင်ပြည်နယ်ကဲ့သို့သော လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားနေပြီး မတည်မငြိမ်ဖြစ်နေသည့် ဒေသများလည်းပါဝင်သည်။ ရွေးကောက်ပွဲလုပ်ခြင်း၊ မလုပ်ခြင်းက ၎င်းတို့၏ဆိုးရွားလှသည့် ဘဝကို မည်သို့မှအပြောင်းအလဲမလုပ်ပေးနိုင်ဟု ထင်မြင်ကြသည့် အမျိုးသမီများရှိသလို၊ မဲပေးရန် အားခဲထားသော်လည်း ရွေးကောက်ပွဲ မလုပ်တော့သည့် အတွက် အားမလိုအားမရဖြစ်ကြသည့်အမျိုးသမီးများလည်းရှိကြသည်။ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာများအဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ၉ မြို့နယ်၊ ရှမ်းပြည်နယ်မှ ၆ မြို့ နယ်နှင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ အတွင်းမှ ကျေးရွာအုပ်စု ၅၅၈ ခု ပါဝင်သည်။ အောက်တိုဘာ ၂၇ တွင်တော့ အဆိုပါဒေသများထဲမှ ရွေးကောက်ပွဲပြန်လည်ကျင်းပမည့် နေရာအချို့ကို ကော်မရှင်ကပြင်ဆင်သတ်မှတ်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများအဖြစ် ရှမ်းပြည်နယ်မှ မြို့နယ် ၇ ခုနှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်းမှ ကျေးရွာအုပ်စု ၄၅၃ စုရှိခဲ့သည်။ ထို့ကြောင့် ၂၀၂၀ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်များမှာ ၂၀၁၅ ခုနှစ်ထက် ပိုများခဲ့သည်။ ရွေးကောက်ပွဲမကျင်းပဟု သတ်မှတ်ထားသည့် ဒေသများမှ အမျိုးသမီးအချို့၏ ရွေးကောက်ပွဲအပေါ် သဘောထား အမြင်များ မေးမြန်းထားသည်ကို စုစည်းကာတင်ဆက်လိုက်ပါသည်။ လိုည်းညိုညိုဟန်(ခ) လိုည်းဒီးဒီးဟန် (ဒေသခံအမျိုးသမီး – ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပါလင်ကျေးရွာ) [caption id="attachment_421575" align="alignleft" width="400"] လိုည်းညိုညိုဟန်(ခ) လိုည်းဒီးဒီးဟန်[/caption] “ရွေးကောက်ပွဲမလုပ်ဖြစ်ဘူးဆိုတာက တခြားအကြောင်းပြချက်နဲ့ဆိုရင် လက်ခံလို့ရသေးတယ် တက်လာတဲ့ အကြောင်းပြချက်က နယ်မြေမတည်ငြိမ်မူကြောင့်ဆိုတော့ အဲဒါက ကျမတို့ဒေသမှာက ဘာဖြစ်လဲ မဖြစ်ဘူးလဲ ဆိုတာ သိတယ်ပေါ့နော်။ နယ်မြေမတည်ငြိမ်ရလောက်အောင်လည်း အရမ်းကြီးတိုက်ပွဲဖြစ်နေတာမျိုးလည်း မရှိဘူး။ ရွေးကောက်ပွဲ ကော်မရှင် ဘာကြောင့် ဒီလိုလုပ်လဲဆိုတာကို တွေးစရာ စဉ်းစားစရာတော့ ဖြစ်တယ်။” “ကျမတို့ ရွာအုပ်စုနဲ့(အနီးက) ကချင်ရွာကျတော့ ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့ထဲမှာ မပါဘူး။ ကျမတို့ ရွာနဲ့ အရမ်းမဝေးဘူးလေ။ ကျမတို့ရွာနဲ့ ကချင်ရွာကို သွားဖို့ဆိုလို့ရှိရင် ဘယ်လောက်မှ မဝေးဘူး။ နာရီဝက် လောက်တောင် မရှိတဲ့ဟာပေါ့နော်။ အဲရွာကျတော့ ရတယ် ကျမတို့ရွာကျတော့ မရဘူးပေါ့။” “မမျှတဘူးလို့ ခံစားရတယ်။ တိုင်းရင်းသားလူနည်းစုမို့လို့ ဒီလိုဖြစ်တယ်ဆိုရင်တော့ မတရားမှုတစ်ခုပဲလို့ ကျမခံယူထားတယ်။ ဘာဖြစ်ဖြစ် နိုင်ငံသားတိုင်းက မဲပေးပိုင်ခွင့်ရှိတယ်လို့ ပြောထားသည့်တိုင်အောင် အခုလိုမျိုးအကြောင်းပြချက်နဲ့ ဒီလိုမျိုးဖြစ်သွားတယ်ဆိုတော့ ကျမ အနေနဲ့ဆိုလို့ရှိရင် ဒါကတရားမျှတမူမရှိတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရသလို နိုင်ငံသားအခွင့်အရေး ဆုံးရှုံးခံရတယ်လို့ ပြောလို့ရတယ်။” မလှဆန်းနု (စစ်ဘေးရှောင်အမျိုးသမီး – ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်) “သူများတွေပြောလို့ မဲမပေးရတော့ဘူးဆိုတာ သိတယ်။ မဲမပေးရဘူးဆိုလို့လည်း ဘယ်လိုမှ မနေဘူး။ မထည့်ရလည်း ဘာမှမဖြစ်ဘူး။ ဒီရွေးကောက်ပွဲအပေါ်ကိုလည်း ဘာမှမျှော်လင့်ထားတာ မရှိဘူး။ ပြောရရင် ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ စစ်မဖြစ်ဖို့နဲ့ ငြိမ်းချမ်းရေး ရဖို့ပဲ စိတ်ဝင်စားတယ်။” “ရွေးကောက်ပွဲ မလုပ်လည်း ဘာမှမဖြစ်ဘူး။ စစ်သံကြားလို့ ပြေးရတာမဖြစ်ချင်ဘူး။ စစ်ပွဲရပ်ဖို့ကအဓိကပဲ။ အရင်တုန်းက ရွာမှာမဲတစ်ခါ ပေးခဲ့ဖူးတယ်။ အဲ့တုန်းကလည်း သိလို့ပေးခဲ့တာတော့ မဟုတ်ဘူး။ ပြည်သူတွေ မဖြစ်မနေ မဲထည့်ပါဆိုလို့ သွားပေးခဲ့တာ။” “အခုနေနေရတာလည်း စစ်ရှောင်စခန်းကိုရောက်နေတယ်။ သူများပေးတာကမ်းတာ စားနေရတာဆိုတော့ ဘာပြည့်စုံမှာလဲ။ ဖျားနာနေတဲ့သူတွေကို ၇ ရက်မှာ တစ်ခါလာကြည့်ပေးတယ်။ ကြားထဲမှာဖြစ်ရင်တော့ ဆေးရုံဆေးခန်းပြေးရတာပေါ့။ အိမ်ထောင်စု ၁၇၉ နီးစပ်ရာ ရွာက သူတွေ လာနေကြတာ။ လာစုနေကြတာ။ ဘုန်းကြီးကျောင်းမှာလည်း နေစရာမရှိတော့ဘူး။ ပြည့်နေပြီ။ ဘောလုံးကွင်းထဲမှာ နေနေတာပါအခုက။” ဒေါ်သိန်းနု (စစ်ဘေးရှောင်အမျိုးသမီး – ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်) “ရွေးကောက်ပွဲ မလုပ်ဖြစ်ဘူးလို့ သိရတဲ့ အချိန်မှာလည်း ဘာမှတော့ မဖြစ်ပါဘူး။ ဒီအချိန်မှာရွေးကောက်ပွဲ လုပ်ဖြစ်တော့ရော ဘာဖြစ်လာမှာ မို့လို့လဲ။ ရွေးကောက်ပွဲလုပ်ရင်လည်း ပစ်တာကပစ်တာပဲ ဘာမှ မထူးခြား လာဘူးလေ။ “လူတော်တော်များများကလည်း အဲ့ဒီရွေးကောက်ပွဲကို မျှော်လည်း မမျှော်လင့်ဘူး။ တကယ်လို့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်လည်း ဘာမှထူးလာမှာမှ မဟုတ်တာ။ တကယ်လို့ ရွေးကောက်ပွဲ လုပ်ဖြစ်ရင်တောင် အမ ဆန္ဒအရ ဆိုရင် (မဲ)သွားမထည့်ဘူး။” “၂၀၁၅ ရွေးကောက်ပွဲတုန်းက ထိပ်ဆုံးကမဲပေးခဲ့တာ။ ဘာမှဖြစ်မလာတဲ့အတွက် တော်တော်များများက သိပ်ပြီး စိတ်မဝင်စားကြဘူး။ အခုတော့ ရွေးကောက်ပွဲ မလုပ်ရင်လည်း ရတယ်။ လုပ်ရင်လည်းရတယ်။ အဲ့ဒီ ရက်ကို မဲမပေးရရင်လည်းရတယ်။ ပေးရလည်းရတယ်။ ဘာမှမဖြစ်ဘူး။ ဘာမှမခံစားရဘူး။ ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့ အမြင်ကိုပြောဆိုရင်တော့ ရွေးကောက်ပွဲ ကော်မရှင်ကသူတွေက ခွဲခြားဆက်ဆံတယ်လို့ တော့ မြင်တယ်။” နန်းလှရီ (ဒေသခံအမျိုးသမီး – ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်) “ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ အတွက် သူတို့ အခွင့်အရေး အရမ်းကို ဆုံးရှုံးရတယ်။ ကိုယ့်ရဲ့ အခွင့်အရေးကို ဆုံးရှုံးရတဲ့ အတွက် သူတို့တွေ ကျေနပ်မှု မရှိဘူးပေါ့။ ဒီဒေသက လူတွေကလည်း ကျေနပ်မှု မရှိကြပါဘူး။ မဲမပေးရတဲ့ ဒေသခံတွေက အခွင့်အရေးကို ရှုံးပြီးရင်းနဲ့ ထပ်ထပ်ပြီး ရှုံးနေရတာပါ။” “ဒီဒေသမှာ ကျမတို့ မဲပေးခွင့်ရရင် ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျမတို့ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကို ရွေးထုတ်နိုင်မှာ ဖြစ်ပါတယ်။ ကျမတို့ ဒေသဖွံ့ဖြိုးရေးကို ကျမတို့ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်လို့ ကျမ တို့က မဲပေးချင်တာပါ။” “ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူလူထု ၃၀ လောက်က ဆန္ဒထုတ်ဖော်တာ ရှိပါတယ်။ ကျမတို့သည်နိုင်ငံသား အခွင့်အရေး ဆုံးရှုံးပါတယ်ဆိုပြီး အသံတိတ် ဆန္ဒ ထုတ်ဖော်တာပေါ့။ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့လည်းတောင်းဆိုထားတယ်။ ပြည်သူလူထု အနေနဲ့လည်း ကော်မရှင်ကို တောင်းဆိုထားတာ ရှိပါတယ်။” ဒေါ်ဝင့်ဝါခိုင် (လက်ထောက် တာဝန်ခံ – မြန်မာ့အမျိုးသမီးသမဂ္ဂ လေ့ကျင့်ပညာပေးရေးနှင့် ပူးပေါင်းပါဝင်ရေးလုပ်ငန်းစဉ်/ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်) [caption id="attachment_421576" align="alignleft" width="428"] ဒေါ်ဝင့်ဝါခိုင်[/caption] “ဒီဘက်က အများစုသော အမျိုးသားတွေက တောထဲမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု ရှိမရှိဆိုတာတော့ စစ်တမ်းကောက်လို့ မရဘူး။ အများစုသော ကျန်ခဲ့တဲ့ အမျိုးသမီးတွေက ရွေးကောက်ပွဲ အပေါ်မှာ အများစုက စိတ်ဝင်စားမရှိဘူးလို့ သုံးသပ်လို့ ရတယ်။ တချို့ကျတော့လည်း မသိကို မသိနေတာ။” “ရွေးကောက်ပွဲ နေ့ကျရင်(မဲ)သွားထည့်လိုက်မယ်။ အဲ့လောက်တော့သိတယ်။ ဘယ်ပါတီကို(မဲ)ထည့်ရမလဲ ကိုယ်စိတ်ဝင်စားတာက ဘယ်သူလဲ။ ကိုယ်စားလှယ်လောင်းကို ဘယ်လိုရွေးချယ်ရမလဲ။ ကိုယ့်နာမည်က မဲစရင်းမှာ ပါမပါဆိုတာ သူတို့ သွားလည်း မစစ်ဘူး။ သိလည်း သိမနေကြဘူး။” “မြို့နဲ့ နီးတဲ့အမျိုးသမီးတွေကျတော့ စိတ်ဝင်စားမှု ရှိတယ်။ ခေါင်းဆောင်ကို ရွေးချယ်ရမယ်ဆိုတဲ့ အသိကို ရလာကြတယ်။ ကမ်ပိန်းကြောင့်ပဲ ဖြစ်ဖြစ် ၊ စကားဝိုင်းတွေကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် တောနေတဲ့ ကျေးလက်နေ ပြည်သူတွေ ကျတော့ အလုပ်အကိုင် ပျက်တယ်။ တက်ချင်တဲ့ အစိုးရ တက်တက် ပေါ့။ ကိုယ်နဲ့ မဆိုင်ဘူးဆိုတဲ့ အမျိုးသမီးတွေလည်း တွေ့ရတယ်။”   နန်းအိမွန်အောင် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း- ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) / ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်) [caption id="attachment_421577" align="alignleft" width="296"] နန်းအိမွန်အောင်[/caption] “ကျနော်တို့ရဲ့ မဲဆန္ဒနယ်က ၁၂ အုပ်စုကို ပိတ်လိုက်တယ်။ စိတ်မကောင်းဘူးပေါ့။ ပြည်သူလူထုဘက်က ရပ်တည်ပြီးတော့လည်း စိတ်မကောင်းဘူး။ ဘာလို့လဲဆိုတော့ ၅နှစ်မှတခါ မဲထည့်ရတဲ့အတွက် အခွင့်အရေးက တန်းတူမဟုတ်ဘူး ပေါ့။ သူတို့ အမြဲပြောနေတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာဘူး။” “တချို့ပိတ်ခံရတဲ့ ပြည်သူလူထုဆိုရင် မဲထည့်ချင်လို့ ကျောက်မဲ ကော်မရှင်ရုံးကို သူတို့ကိုယ်တိုင် စာသွား တင်တာတွေ ရှိတယ်။ သူတို့အတွက် ပါမလာတော့ စိတ်မကောင်းဖြစ်ရတယ်။ ရှမ်းလူမျိုးတွေ အမာခံရှိတဲ့ နယ်မြေဖြစ်နေတယ်။ ဒါကြောင့် သူတို့အတွက်လည်း နစ်နာဆုံးရှုံးပါတယ်။” “မေးချင်တယ် ဘာမှ(တိုက်ပွဲတွေ)မဖြစ်တဲ့နေရာမှာ၊ ဘာမှ(ပြဿနာ)မရှိတဲ့နေရာမှာ ဘာလို့ မလုပ်တာလဲပေါ့။ အခုဖြစ်နေတဲ့ ကျေးရွာ အုပ်စု ၁၂ အုပ်စု ဆိုရင် လုံးဝ ဘာမှ မဖြစ်တဲ့နေရာဖြစ်နေတယ်။ ဟိုတလောက ဖြစ်သွားတဲ့ (စစ်ပွဲဖြစ်တဲ့နေရာ)ဆိုရင်လည်း ပိတ်လိုက်တဲ့ မဲဆန္ဒနယ် ထဲမှာ မပါဘူး။ တလွဲတွေ ဖြစ်နေတယ်။ ဘာလို့ အဲ့ဒီလို ဖြစ်နေတာလဲ။ ဘာလို့ ဒီလို လုပ်လိုက်တာလဲ အဲ့ဒါတော့မေးချင်ပါတယ်။” “စစ်မဖြစ်ခင်မှာ ကျနော်တို့ စည်းရုံးရေး သွားရတယ်။ ကိုယ့်ရဲ့ အမာခံနယ်မြေ ဖြစ်နေတဲ့ အတွက် ကိုယ့်ကို မဲထည့်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အချိန်မှာ ရုတ်တရက် ပိတ်လိုက်တဲ့ အချိန်မှာ စိတ်ထဲမှာ ကိုယ်ပြန်ရလိုက်တာနဲ့ မကာမိဘူး။ စိတ်အရမ်းနာတယ်။” မိုးမိုး၊ ကြည်ဖြူ hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up