Home
ဆောင်းပါး
ဖာပွန်ယွန်းစလင်းချောင်းဒေသခံမဲဆန္ဒရှင်တွေရဲ့ ဆန္ဒအတိုင်းဖြစ်လာမလား (ဆောင်းပါး)
DVB
·
November 6, 2020
နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိကြတဲ့ လက်နက်ကိုင် ထိန်းချုပ်နယ်မြေထဲက နေပူခံကျေးရွာဟာ အိမ်ခြေ ၄၀ ကျော်ရှိပြီး ကရင်တိုင်းရင်းသား ၁၅၀ ကျော်နေထိုင်တဲ့ ကျေးရွာလေးဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်ထဲက ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေက ကျေးရွာအုပ်စုတွေမှာ နေထိုင်ကြတဲ့ ဒေသခံကျေးရွာသားတွေဟာ ဒီ ၂၀၂၀ ရွေးကောက်ပွဲကျမှ ပထမဆုံးအကြိမ် မဲပေးပိုင်ခွင့် ရရှိကြတာပါ။ အဲဒီနယ်မြေတွေက ဒေသခံ ကရင်တိုင်းရင်းသား အများစုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလတုန်းက နယ်မြေ မတည်ငြိမ် အေးချမ်းမှု မရှိတာအပြင်၊ မဲရုံလုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် မဲရုံဖွင့်လှစ်ခွင့် မရခဲ့တဲ့လို့ သူတို့တွေ မဲပေးခွင့်တွေ ဆုံးရှုံးခဲ့ကြပါတယ်။ ဖာပွန်မြို့နယ်ထဲမှာရှိတဲ့ တစ်ချိန်က တိုက်ပွဲတွေ၊ ယမ်းငွေ့တွေနဲ့ အကျဉ်းတန်ခဲ့ရတဲ့ ဘော်ခီးတောင်တန်းနဲ့ နာမည်ကျော် ယွန်းစလင်းချောင်းရဲ့ အနောက်ဘက်မှာ နေပူခံကျေးရွာ တည်ရှိပါတယ်။ နေပူခံကျေးရွာကို ရောက်ရှိနိုင်ဖို့ ဘားအံကနေ ဖာပွန် ကားလမ်းမကြီးအတိုင်း မော်တော်ယာဉ်နဲ့ ၃ နာရီကျော်ကြာ ၄ နာရီနီးပါး သွားရပြီးချိန်မှာ ယွန်းစလင်းချောင်းဆီကို ရောက်ရှိပါတယ်။ မိုးတွင်းကာလ ဝါညစ်ညစ်စီးဆင်းနေတဲ့ ယွန်းစလင်းချောင်းမကြီးအတိုင်း ပဲထောင်စက်လှေနဲ့ မိနစ် ၂၀ လောက် ဆန်တက် မောင်းနှင်းပြီးချိန်မှာ စိမ်းစိုနေတဲ့ ကြံခင်းတွေ၊ ‌မြေပဲခင်းတွေအကြား ဒေသထွက် ဝါး၊ သစ်၊ အင်ဖက်တွေနဲ့ လူနေဖြစ်ရုံ ဆောက်လုပ်ထားတဲ့ တဲအိမ်လေးတွေကို ကြိုးကြားကြိုးကြား တွေ့ရပါတယ်။ ဝါးပိုးဝါးနဲ့ ပြုလုပ်ထားတဲ့ တဲလှေခါးထစ်ခင်းတွေကိုနင်းပြီး အင်ဖက်တဲအိမ်ထဲ ဝင်လိုက်တာနဲ့ ပန်းရောင်ဖျော့ဖျော့ စပို့ရှပ်လက်တို၊ နီညိုရောင် ပုဆိုးကို ဝတ်ဆင်ထားတဲ့ ကိုယ်လုံးတောင့်တောင့် မျက်နှာဝိုင်းဝိုင်းနဲ့ အသက်လတ်ပိုင်းအရွယ် ကရင်အမျိုးသား လူငယ်တစ်ယောက်ကို တွေ့ပါတယ်။ သူရဲ့အမည်က စောထူးဖိုးဖြစ်ပြီး နေပူခံကျေးရွာမှာ ကျန်းမာရေးနဲ့ ပတ်သက်ရင် အားကိုးရတဲ့ ကျန်းမာရေး စေတနာဝန်ထမ်း လူငယ်တစ်ဦးလည်း ဖြစ်ပါတယ်။ စောထူးဖိုးက “ ၂၀၁၅ မှာ မဲမပေးရတဲ့အတွက် ကျနော်တို့ တိုင်ရင်းသားတွေ နစ်နာတာ ဆုံးရှုံးတာ အများကြီး၊ ဒါတွေကြောင့်၂၀၂၀ မှာ မဲထည့်ဖို့ ကျနော်တို့ ကြိုးစားနေတယ်”လို့ ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်မရတဲ့အတွက် သူတို့ဒေသအတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ငြိမ်းချမ်းမှုမရှိသလို အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေး၊ နိုင်ငံသားတစ်ယောက်အနေနဲ့ လူ့အခွင့်အရေး တင်ပြပြောဆိုခွင့် ဆုံးရှုံးခဲ့တယ်လို့ သူက ဆိုပါတယ်။ စောထူးဖိုးလိုပဲ မဲပေးခွင့်မရခဲ့ကြတဲ့ ဒေသခံတိုင်ရင်းသားတွေကလည်း သူတို့တွေရဲ့ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စတွေမှာ ကိုယ်စားပြု တောင်းဆိုပေးနိုင်တဲ့ ပါတီကိုယ်စားလှယ်ကို မဲပေး မရွေးချယ်နိုင်ခဲ့လို့ ဒေသဖွံဖြိုးမှု နောက်ကျကျန်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲထည့်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အလားတူပဲ နယ်မြေ မတည်ငြိမ် မအေးချမ်းတဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးခဲ့တဲ့ လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါကျေးရွာကနေ မြိုင်ကြီးစစ်ရှောင်စခန်းကို လာရောက် ခိုလှုံနေတဲ့ နော်တင်လှကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ ပထမဆုံးအကြိမ် မဲပေးခွင့် ရရှိကြတဲ့ အဲဒီနယ်မြေတွေက ဒေသခံတွေဟာ မဲပေးပုံ မဲပေးနည်းကို မသိရှိကြတဲ့အတွက် မိမိတို့ဒေသ ဖွံဖြိုးရေးကို လုပ်ဆောင်ပေးနိုင်တဲ့ ကြိုက်နှစ်သက်တဲ့ ပါတီနဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်မဲပေးနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဖာပွန်မြို့နယ်၊ နေပူခံကျေးရွာ၊ ဒေါ်မြသန်းက“မဲပေးဖို့တော့ အစီအစဉ်ရှိတယ်။ ဘာမဲ ဘာမဲတွေလဲ နားမလည်ဘူး။ ကျမ မေးကြည့်တော့ မဲက ၇ ပုံး ရှိတယ်တဲ့ ချထားတာ။ မဲ ၇ ပုံး ဆိုတော့ ဘယ်ပုံး ထည့်ရမယ်ဆိုတာ မသိတော့ဘူး” လို့ ဆိုပါတယ်။ လတ်တလောမှာလည်း အဲဒီဒေသတချို့မှာ မဲရုံဖွင့်လှစ်ခွင့် ရရှိပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် နယ်မြေကျော် ခရီးသွားလာခွင့်တွေ တားမြစ်ထားသလို အဲဒီနယ်မြေအတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေကိုလည်း ဝင်ထွက်သွားလာမှု ပိတ်ပင်ထားပါတယ်။ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအသိပညာပေးအဖွဲ့တွေဟာ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ နယ်မြေအလိုက် ရွေးကောက်ပွဲ အသိပညာပေးတာတွေ၊ မဲပေးပုံ မဲပေးနည်းတွေကို သွားရောက် ပညာပေး ဆောင်ရွက်တဲ့နေရာမှာ လုံခြုံရေးအရ နယ်မြေကန့်သတ်ချက်တွေရှိနေတဲ့အတွက် ပညာပေးဆောင်ရွက်ရာမှာ အခက်အခဲတွေရှိတယ်လို့ နိုင်ငံရေးပါတီတွေက ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဖာပွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးညီညီကျော်က“ မဲပေးခွင့် အခွင့်အရေးရရှိဖို့ ကျနော်တို့ ကိုယ်စားလှယ်တွေပိုင်းနဲ့ တော်တော်ကြိုးစားပါတယ်။ အဓိကကတော့ ငြိမ်းချမ်းရေး မရတာပေါ့။ ရွာသားတွေ အနေနဲ့ မသိနားမလည်တာတွေလဲ ရှိမယ်”လို့ ပြောပါတယ်။ ကရင်ပြည်နယ်အတွင်း လူဦးရေ ၁၅ သိန်းကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၂ သိန်းကျော် ရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၂၀၀၀ ကျော် ရှိပြီး မဲရုံပေါင်း ၈၅၀ ကျော် ဖွင့်လှစ်မှာ ဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်နယ်မြေ အပါအဝင် မဲရုံဖွင့်လှစ်ခွင့်ရရှိတဲ့ ကျေးရွာအုပ်စု ၄၀၇ စုမှာလည်း မဲရုံတွေ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေသခံတိုင်းရင်းသားတွေအနေနဲ့ မိမိတို့ရွေးချယ်မဲပေးခဲ့တဲ့ ပါတီနဲ့ကိုယ်စားလှယ်တွေ အနိုင်ရခဲ့မယ်ဆိုရင် ပဋိပက္ခနယ်မြေတွေမှာ စစ်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းပေးဖို့ ၊ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့နဲ့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံဖို့နဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ကြိုးစားဆောင်ရွက်ပေးဖို့ တောင်းဆို သွားမယ်လို့ ပြောပါတယ်။ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးစစ်ရှောင်စခန်း(မဲသဝေါကျေးရွာ)၊ နော်တင်လှက “နိုင်ငံသားတစ်ယောက်အနေနဲ့ မဲထည့်လိုက်တဲ့ ပါတီက အနိုင်ရရှိခဲ့မယ်ဆိုရင် မငြိမ်းချမ်း ငြိမ်းချမ်းအောင် ငြိမ်းချမ်းတဲ့အခါ အေးအေးချမ်းနဲ့ နေရအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်တယ်”လို့ ပြောပါတယ်။ ဖာပွန်ဒေသမှာ ၂၀၁၆ ခုနှစ်အတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်‌ဘေးရှောင်စခန်းကို လာရောက်ခိုလှုံနေရတဲ့ မချောလေးက ”ကိုယ်အိမ်ကိုယ့်ယာ ပြန်ခွင့်ပေးပါ။ လုပ်ခွင့်ပေးပါ။ မဲပေးခဲ့တဲ့ ကိုယ်စားလှယ်တွေ နိုင်ခဲ့ရင် သမီးတို့ ဘဝရှေ့ရေးအတွက် တိုးတက်ဖို့ ကြိုးစားပေးပါ။ နိုင်ငံ စစ်မဖြစ်ချင်တော့ဘူး။ ငြိမ်းသွားချင်ပြီ”လို့ ဆိုပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ကရင်အမျိုးသား ဒီမိုကရေစီပါတီစတဲ့ ပါတီ ၁၅ ခုက ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကရင်ပြည်နယ်အတွင်း မဲရုံပေါင်း ၆၅၆ ရုံ၊ တပ်မဲရုံ ၄၄ ရုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်ပေါင်း ၂၆၁ ဦးရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်လောင်း ၁၉၉ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်မှာ ကျေးရွာ ၇ အုပ်စု၊ ကြာအင်းဆိပ်ကြီးမှာ ကျေးရွာ ၉ အုပ်စု၊ ဖာပွန် ၂၅ အုပ်စု၊ ဘားအံ ၁ အုပ်စု၊ သံတောင်ကြီး ၈ အုပ်စုနဲ့ မြဝတီမှာ ကျေးရွာ ၃ အုပ်စုတွေမှာ အထွေထွေရွေး ကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေတွေအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ တိုင်းရင်းသား လက်နယ်ကိုင်နယ်မြေ တချို့မှာတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ထားနိုင်တဲ့ ကျေးရွာတွေရှိပေမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပခွင့်မရတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေရဲ့ အသံကို ထုတ်ဖော်ခွင့်ဆုံးရှုံးတယ်လို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ဖာပွန်မဲဆန္ဒနယ် အမှတ် ၂၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နော်သဇင်တုပ် က “တချို့နယ်မြေတွေမှာ မဲပေးရင်လည်း လွယ်တယ်။ မဲပုံးထားလို့လည်း ရတယ်။ အဲဒီဒေသက ကရင်ပြည်သူလူထု မဲပေးခွင့်ရမယ် ဆိုရင်တော့ ဒေသခံတွေရဲ့ အသံတွေ ဖော်ထုတ်လို့ ရတာပေါ့။ မဲမပေးရတော့ တိုင်းရင်းသား အခွင့်အရေးတွေ ဆုံးရှုံးတယ်” လို့ ပြောပါတယ်။ မိမိတို့ပါတီ အနိုင်ရရှိခဲ့ရင် ဒေသခံပြည်သူတွေအတွက် စစ်ရဲ့ပဋိပက္ခတွေကြောင့် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ ပုံစံကနေ ထာဝရ ငြိမ်းချမ်းရေး၊ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး၊ လူအခွင့်အရေးအရ တောင်းဆိုပိုင်ခွင့်ရှိတာတွေ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အဓိက ဆောင်ရွက်ပေးချင်တယ်လို့ သူက ဆက်ပြောပါတယ်။ လတ်တလောမှာ တပ်မတော်က ဖာပွန်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ နယ်မြေလုံခြုံရေးအရ တပ်အင်အား တိုးချဲ့တာတွေ၊ လှုပ်ရှားသွားလာနေတာတွေ ရှိနေတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲနေမှာ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားမှာကို စိုးရိမ်တဲ့အပြင် နိုင်ငံသားအခွင့်အရေးအရ မဲပေးပိုင်ခွင့်ဆုံးရှုံးမှာကို ဒေသခံတွေ အနေနဲ့ စိုးရိမ်နေကြပါတယ်။ ဖာပွန်မြို့နယ်၊ နေပူခံကျေးရွာခံ ဒေါ်အေးဖြူက” တိုက်ပွဲဖြစ်နေမယ်ဆိုရင် အဆင်မပြေတော့ဘူးပေါ့။ မဖြစ်စေချင်တော့ဘူး။ သူတို့ ၂၀၂၀ မဲရွေးကာလမှာ တိုက်ပွဲဖြစ်ရင် ကျမတို့ အမျိုးသမီးအခွင့်အရေးတွေ နစ်နာပါတယ်။ သူတို့ နှစ်ဘက်စလုံးကို မတိုက်တော့နဲ့”လို့ ပြောချင်ပါတယ်။ ဖာပွန်ဒေသက လက်နက်ကိုင် ပဋိပက္ခနယ်မြေအတွင်း အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာတွေ၊ မတရား ဖမ်းဆီးနှိပ်စက် ခံရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ အတင်းအဓမ္မ ပြောင်းရွေ့ခံရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့၊ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့၊ အမျိုးသမီးတွေဘဝ လုံခြုံနိုင်ဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိမိတို့ ရွေးချယ်မဲပေးလိုက်တဲ့ ပါတီ ကိုယ်စားလှယ်လောင်းတွေက တဆင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဒေသခံတိုင်းရင်းသားတွေအနေနဲ့ လိုလားနေကြပါတယ်။ ဌာနေတိုင်းရင်းသား ဒေသခံတွေ အနေနဲ့တော့ အလှမ်းဝေးတဲ့ ငြိမ်းချမ်းရေးအတွက် ယမ်းငွေ့တွေကြားကနေ ဖာပွန်ယွန်းစလင်းနယ် ထာဝရသာယာလှပဖို့ ငြိမ်းချမ်းရေး ဂျိုးငှက်ကို ခေါ်ဆောင်ပေးနိုင်မယ် အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့အတွက် ဆန္ဒမဲတပြား ပေးနိုင်မယ့်ရက်ကို မျှော်လင့်နေကြပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024