Thursday, June 8, 2023
HomeLead Storyကာချုပ်သည် နိုင်ငံ့ဝန်ထမ်းအဆင့်မဟုတ်၊ ဒုသမ္မတအဆင့်ရှိဟု တပ်မတော်တုံ့ပြန် 

ကာချုပ်သည် နိုင်ငံ့ဝန်ထမ်းအဆင့်မဟုတ်၊ ဒုသမ္မတအဆင့်ရှိဟု တပ်မတော်တုံ့ပြန် 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံဝန်ထမ်းအဆင့်မဟုတ်တဲ့အကြောင်းနဲ့  ဒုသမ္မတအဆင့်ရှိတယ်လို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ အခြေခံမူချမှတ်ခဲ့တဲ့ စာအုပ်မှာပါတဲ့အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

ပေါ်ပြူလာသတင်းဂျာနယ်နဲ့ အင်တာဗျူးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်တွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ရော နိုင်ငံ့ဥပဒေတွေနဲ့ပါ ကိုက်ညီမှုမရှိဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက  မနေ့က သတင်းစာရှင်းလင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်က တုံ့ပြန်လိုက်တာပါ။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီစွာဆောက်ရွက်ခဲ့တာ ဖြစ်တယ်လို့ တပ်မတော်က ဆိုပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ အခြေခံဖို့ အမျိုးသားညီလာခံ စုံညီအစည်းအဝေးတွေက ချမှတ်ခဲ့တဲ့ အခြေခံမူတွေနဲ့ အသေးစိတ် အခြေခံရမယ့် မူများစာအုပ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆင့်အတန်းသတ်မှတ်ရာမှာ မှီငြမ်းပြုနိုင်ဖို့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ဒုသမ္မတ အဆင့်သတ်မှတ်တယ်လို့ အခြေခံမူ ချမှတ်ခဲ့ကြောင်း တပ်မတော်က ကိုးကားထောက်ပြထားတယ်။ 

ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းတွေ ပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုတာနဲ့ ပတ်သက်ပြီးလည်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပါတီနိုင်ငံရေးမဟုတ်တဲ့ အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်နိုင်ဖို့အတွက် နိုင်ငံဝန်ထမ်းအဆင့်မဟုတ်တဲ့ အမျိုးသားနိုင်ငံရေး အဆင့်အတန်းကို သတ်မှတ်ပြဋ္ဌာန်းထားတာတွေ့ရတယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူတွေအရ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်လို့ ပြဋ္ဌာန်းထားကြောင်း၊ တပ်မတော်ဟာ မြန်မာတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အမျိုးသားရေးကို အစဉ်တစိုက် အလေးထား တာဝန်ထမ်းဆောင်နေကြောင်းလည်းဆိုပါတယ်။

လက်ရှိ ရွေးကောက်ပွဲ အကြိုကာလမှာ နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားနေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေဟာ အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေလို့ တစ်နိုင်ငံလုံးအရေး မြန်မာပြည်သူပြည်သားတွေရဲ့ အရေးဖြစ်တယ်။ ဒီကိစ္စတွေကို အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာအစဉ်တစိုက်ပါဝင်ရမယ့် တပ်မတော်က လျစ်လျူရှူထားလို့မရ၊ ပြောရေးရှိက ပြောရမှာဖြစ်တယ်လို့ တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်ကာလနဲ့ ကြိုတင်ဆန္ဒမဲပေးစဉ်ကာလကတည်းက ကြုံတွေ့နေရတဲ့အမှန်တရားတွေနဲ့ လက်တွေ့ဖြစ်ရပ်တွေအပေါ် နှုတ်ဆိတ်နေတာဟာ တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူမပြုနိုင်ဘဲ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်တာ ကြောင့် ပြောသင့်ပြောထိုက်တာတွေကို ဥပဒေနဲ့အညီ ပြည်သူလူထုကို အသိပေးပြောကြားတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Photo- DSINFO

RELATED ARTICLES
- Advertisment -
Google search engine

Most Popular