ပဏာမ မြန်မာဘောလုံးအသင်း လူစာရင်း ထုတ်ပြန်

လူဟောင်းအများစုပါတဲ့ ပဏာမမြန်မာဘောလုံးအသင်း လူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဆီးဂိမ်းမတိုင်မီ ကစားမယ့် ခြေစမ်းပွဲတွေနဲ့ ဖိတ်ခေါ်ပြိုင်ပွဲတွေအတွက် စခန်းသွင်း လေ့ကျင့်ဖို့ ဘောလုံးသမားအယောက် ၃၀ စာရင်းကို ဒီနေ့ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ ဘောလုံးသမားတွေထဲမှာ လူဟောင်းတွေ များတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရ ဦးစိုးမိုးက ပြောပါတယ်။ “အဓိက ဦးဆောင်ပြီး ရွေးတာတော့ ကျနော်တို့ နည်းပြချုပ် ပက်ဆောင်ဟွာ၊ ကိုရီးယားနည်းပြပေါ့။ သူကြိုက်တဲ့လူ သူရွေးတာပေါ့။ ဒီရွေးထားတဲ့ လူစာရင်းမှာ လူဟောင်းလူသစ်ကို ပြောရရင် လူဟောင်းလို့လည်း ပြောလို့ရတဲ့ ကစားသမားက ဘယ်နှယောက်ပါမလဲဆိုတော့ ယူ ၂၂ ကတည်းက တွဲလာတဲ့ကစားသမား ၃၀ ထဲမှာ ၂၀ လောက်ပါတယ်။ ကျန်တဲ့ကစားသမားကတော့ လူငယ်လက်ရွေးစင် ဖြစ်ဖူးတဲ့လူ။ ပက်ဆောင်ဟွာ လက်ထက်မှာ ခဏခေါ်စမ်းပြီးတော့ တယောက်နှစ်ယောက် ပြန်လွှတ်လိုက်တဲ့လူတွေပါတယ်။” ပဏာမလက်ရွေးစင်တွေကို ဩဂုတ် ၁၂ ရက်ကစပြီး စခန်းသွင်းလေ့ကျင့်ဖို့ ရှိတယ်လို့ ပြောပါတယ်။ လာမယ့်စက်တင်ဘာမှာ ခြေစမ်းပွဲတွေ ကစားဖို့ ပြင်ဆင်ထားပြီး အပြီးသတ် လက်ရွေးစင်ဘောလုံးသမားတွေကိုတော့ နိုဝင်ဘာလဆန်း ထုတ်ပြန်မှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းရဲ့ လက်ရှိ ကစားပုံခြေစွမ်းအရတော့ အားမရသေးဘူး လို့ ၀ါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောပါတယ်။ “၂၀၁၁ ခြေအရ အဲဒီတုန်းက ကျနော်တို့က အုပ်စု ( ကျွတ် ) တယ်။ ပထမရမယ့် မလေးရှား အသင်းကို ပွဲပြီးခါနီကျမှ မထင်မှတ်ပဲနဲ့ တဂိုးပေးလိုက်ရလို့ အကြိုဗိုလ်လုပွဲမှာ ရှုံးခဲ့တယ်။ တတိယ နေရာလုပွဲမှာ အမြဲတမ်းအနိုင်ရနည်းတဲ့ ဗီယက်နမ် အသင်းကို ကျနော်တို့က ပြတ်ပြတ်သားသား အနိုင်ရပြီးတော့ တတိယ ကြေးတံဆိပ်ဆုရခဲ့တယ်။ အဲဒီအပေါ်မူတည်ပြီးတော့ ကျနော်တို့က မျှော်လင့်တယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ခြေစမ်းပွဲတွေ ကစားတာ၊ ပြည်တွင်းမှာ ကစားတာ မနေ့တနေ့ကပဲ ဒီမှာ စင်ကာပူနဲ့ ကစားတာတွေရဲ့ အရဆိုရင်တော့ ကျနော်တို့က အားမရဘူး။ ကလေးတွေက ကြိုစားရမယ်၊ အထူးသဖြင့်တော့ ကလေးတွေရဲ့ စိတ်ဓာတ်ပေါ့။” ပဏာမလူစာရင်းမှာ ကျော်ကိုကို၊ ကြည်လင်း၊ ကျော်ဇေယျာဝင်း၊ ဒေးဗစ်ထန်းနဲ့ ပြည့်ဖြိုးအောင် စတဲ့ နာမည်ကြီးဘောလုံးသမားတွေ ပါဝင်တာ တွေ့ရပါတယ်။ မြန်မာဘောလုံးအသင်းဟာ လာမယ့်အောက်တိုဘာလလယ်မှာ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို သွားပြီး လေ့ကျင့်ကစားဖို့လည်း ရှိနေတာပါ။ မြန်မာအမျိုးသားဘောလုံးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားဆီးဂိမ်းမှာ တတိယကြေးတံဆိပ် ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up