မြဝတီ ကာစီနိုလောင်းကစားရုံတွင် အလုပ်လုပ်ပြီးပြန်လာသည့် ထိုင်း ၁၆ ဦး ဖမ်းဆီးခံရ
DVB
·
November 5, 2020
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်ထဲမှာ မြန်မာဘက်ခြမ်းကနေ တရားမဝင် ပြန်လည်ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရတယ်လို့ သနေးရှင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၅ ရက် မနက်စောစောက မဲဆောက် ဒုမြို့နယ်မှူး ၊ နယ်မြေခံပြည်သူ့စစ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်တလျှောက် လုံခြုံရေးစစ်ဆေးနေစဉ် ဖုပ်ဖရမြို့နယ် ချောင့်ခက်ပ်အုပ်စုထဲမှာ ခရီးသွားအိတ်တွေလွယ်ပြီး ဝင်ရောက်လာသူတစ်စုကို တွေ့ရလို့ သွားရောက်စစ်ဆေးခဲ့တယ်လို့ မဲဆောက် ဒုမြို့နယ်မှူးက သတင်းထောက်ကို ပြောပါတယ်။
အဆိုပါ အုပ်စုမှာ အမျိုးသားရော အမျိုးသမီးပါ စုစုပေါင်း ၁၆ ဦးပါဝင်ပြီး မြန်မာဘက်ခြမ်း မြဝတီမြို့ ကာစီနိုလောင်းကစားရုံတွေမှာ သွားအလုပ်လုပ်ပြီး ပြန်ဝင်လာတဲ့ ထိုင်းနိုင်ငံသားတွေလို့ ဆိုပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံသားတွေဖြစ်ပေမယ့်လည်း တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတာဖြစ်လို့ လဝကဥပဒေနဲ့ အရေးယူခံရမှာဖြစ်ကြောင်း ၊ အရင်ဆုံး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးရမှာဖြစ်လို့ အရေးပေါ်ဆရာဝန်အဖွဲ့ ခေါ်ယူပြီး နမူနာတွေယူထားကာ ဓာတ်ခွဲ စစ်ဆေး နေတယ်လို့ ဒုမြို့နယ်မှူးက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုအရှိန်မြင့်မားနေတာကြောင့် ထိုင်းဘက်ခြမ်းက နယ်စပ်အဝင်အထွက်ဂိတ်တွေ ပိတ်ထားပြီး တရားမဝင်ဝင်ရောက်မှုတွေလည်း နေ့စဉ်လို ရှိနေပါတယ်။
ကိုးကား- Nation TV