အမေရိကန်ရွေးကောက်ပွဲရလဒ် မထွက်သေးသည့်အပေါ် ပြည်သူများစိုးရိမ်

အမေရိကန်ရွေးကောက်ပွဲပြီးလို့ တစ်ရက်ကြာတဲ့အထိ မဲရလဒ်တွေ  မသေချာ မရေရာ သေးတာမို့  အမေရိကန်ပြည်သူတွေ စိုးရိမ်မှုတွေနဲ့ သံသယတွေ  မြင့်တက်နေပါတယ်။  အဓိကကျတဲ့ ပြည်နယ်အများအပြားမှာ မဲရေတွက်တာတွေ လုပ်နေချိန်မှာပဲ  သမ္မတ ထရမ့်က ရွေးကောက်ပွဲမှာ သူနိုင်တယ်လို့ မှားယွင်းကြေညာခဲ့တဲ့အတွက် ဂျိုးဘိုင်ဒင် ထောက်ခံ သူတွေ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါတယ်။  လက်ရှိ သမ္မတ ထရမ့်အနေနဲ့  ရွေးကောက်ပွဲမှာ ရှုံးခဲ့ရင် ရွေးကောက်ပွဲ ရလဒ်အပေါ် လက်မခံမှာကို စိုးရိမ်တယ်လို့ ဘိုင်ဒင်ထောက်ခံသူတွေက ပြောဆိုပါတယ်။  တချိန်တည်းဆိုသလို ထရမ့် ထောက်ခံသူ အများအပြားကလည်း ရွေးကောက်ပွဲမှာ မဲ မသမာမှုရှိတယ်ဆိုတဲ့  ထရမ့်ရဲ့အထောက်အထားမရှိ စွပ်စွဲချက်တွေကို သံယောင်လိုက် ပြောဆိုနေပါတယ်။  နောက်ကျမှရောက်လာတဲ့ မဲတွေကို ရေတွက်နိုင်သလားအပါအဝင် ပြဿနာများစွာ နဲ့ပတ်သက်လို့ ပြည်နယ်အလိုက်ဥပဒေအရ ဆောင်ရွက်ရာမှာ ရွေးကောက်ပွဲရလဒ်တွေဟာ  နှေးကွေး သွားနိုင်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။  လက်ရှိအချိန်အထိ သိရှိထားသမျှ ဂျော်ဂျီယာ ၊ အရီဇိုးနားနဲ့ ပင်ဆာဗေးနီးယား ပြည်နယ် တွေမှာ အကြိတ်အနယ်ဖြစ်နေပြီး သမ္မတ ရွေးကောက်ပွဲ မဲရလဒ်တွေဟာ ပွတ်ကာသီကာရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့မီဒီယာတွေမှာလည်း ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ အမျိုးမျိုး ဖော်ပြနေကြပြီး  မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီအထိ FOX News နဲ့ AP သတင်းဌာနတွေမှာ  ဂျိုးဘိုင်ဒင်က  ၂၆၄ မဲ ထရမ့်က ၂၁၄ မဲ ရနေတယ်လို့ ထုတ်ပြန်ထားပါတယ်။  CNN သတင်းနဲ့ The Washington Post သတင်းမှာတော့  ဂျိုးဘိုင်ဒင်က  ၂၅၃  မဲနဲ့  ထရမ့်က ၂၁၃ မဲ ရနေတယ်လို့  ထုတ်ပြန်ထားပြီး BBC သတင်းဌာနကတော့  ဂျိုးဘိုင်ဒင်က  ၂၄၃  မဲနဲ့  ထရမ့်က ၂၁၄ မဲရနေတယ်လို့ ထုတ်ပြန် ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up