Home
မြန်မာသတင်း
ပုသိမ်တွင် ကိုယ်ပိုင်တံဆိပ်တုံးဖြင့်မဲပေးခဲ့သည့် ကြံ့ခိုင်ရေးပါတီ မဲရုံကိုယ်စားလှယ် ၁ ဦး အမှုဖွင့်ခံရ
DVB
·
November 5, 2020
123339432_982961015521575_5582783395712707320_o
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ကိုယ်ပိုင်တံဆိပ်တုံးနဲ့ ကြိုတင်မဲပေးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မဲရုံကိုယ်စားလှယ် အမျိုးသား တစ်ဦးကို နိုဝင်ဘာ ၃ ရက်နေ့က နယ်မြေရဲစခန်းမှာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ (ဂ)နဲ့ အမှုဖွင့် အရေးယူခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။ အမှုဖွင့်ခံရတဲ့သူဟာ ကြိုတင်မဲကောက်ယူချိန်မှာ သူ့ရဲ့ကိုယ်ပိုင်တံဆိပ်တုံးနဲ့ ဇနီးဖြစ်သူ ကိုယ်စားမဲပေးခဲ့လို့ အမှုဖွင့်ခံခဲ့ရတာဖြစ်တယ်လို့ ပုသိမ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးငွေစိုးက ပြောပါတယ်။ "ကော်မရှင်ကပေးတဲ့ တံဆိပ်တုံးကို မသုံးဘဲ သူကိုယ်ပိုင်တံဆိပ်တုံးအသုံးပြုပြီး မဲပေးလို့ ခုအမှုဖွင့်ထားပါတယ်။ မဲရုံအဖွဲ့မှာပါတဲ့ ဒုမဲရုံမှူးက တရားလိုလုပ်ပြီးဖွင့်တာပါ"လို့ ပြောပါတယ်။ ပါတီရဲ့ ရပ်ကွက်ဒုစည်းရုံးရေးမှူးတာဝန်ယူထားရတဲ့အတွက် နမူနာတံဆိပ်တုံးကို စည်းရုံးရေးသွားတဲ့အခါတွေမှာ အသုံးပြုဖို့အတွက် ထုတ်ပေးထားတာရှိပြီး အဲ့ဒီ တံဆိပ်တုံးနဲ့ ပေးလို့ ရတယ်ထင်လို့ ပေးခဲ့မိတာလို့ အမှုဖွင့်ခံရသူ ဦးဂျူးနီ (ခ) ဦးထွန်းမြင့်က  ဒီဗွီဘီကို ပြောပါတယ်။ "နမူနာပြဖို့ ပါတီကပေးထားတဲ့ တံဆိပ်တုံးနဲ့ မိန်းမကို ပြပေးနေတာပါ။ အဲ့အချိန်မှာ ကြိုတင်မဲကောက်တဲ့အဖွဲ့ကရောက်တော့ သွားတဲ့အချိန်မှာ ဒီတံဆိပ်တုံးနဲ့ ပေးလို့ရမယ်ထင်လို့ ပေးခဲ့မိတာပါ"လို့ပြောပါတယ်။ အခုလို တံဆိပ်တုံးမှားပြီး မဲပေးခဲ့တာဟာ မရိုးသားတဲ့သဘောနဲ့ ပြုလုပ်ခဲ့တာမဟုတ်ဘ​ဲ သူတစ်ပါး နစ်နာဆုံးရှုံးအောင်လုပ်တာမဟုတ်သလို ဆုံးရှုံးမယ်ဆိုရင် မိမိနဲ့ မိမိပါတီသာ နစ်နာဆုံးရှုံးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် အောင်ဇေယျလမ်းက နေအိမ်တစ်အိမ်မှာ အောက်တိုဘာ ၃၁ ရက်က ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတွေက အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်ယူစဉ် ဦးဂျူးနီ(ခ) ဦးထွန်းမြင့်က ကိုယ်ပိုင်တံဆိပ်တုံးနဲ့ မဲပေးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့လို့ ကျူးလွန်သူကို အမှုဖွင့်အရေးယူထားပြီး တံဆိပ်တုံးကိုလည်း ရဲစခန်းမှာ သိမ်းဆည်းထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့ညက ထုတ်ပြန်ပါတယ်။  တံဆိပ်တုံးမှားယွင်းပြီး ကြိုတင်မဲပေးခဲ့တဲ့ ဦးဂျူးနီ(ခ) ဦးထွန်းမြင့်ကို ပုသိမ်နယ်မြေရဲစခန်းမှာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ (ဂ) နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024