ကယားပြည်နယ်ရှိ ကျန်းမာရေးစစ်ဆေးဂိတ်၌ စစ်ဆေးမခံသူ ၁ ဦးကို အမှုဖွင့်အရေးယူ

ကယားပြည်နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီရဲ့ ညွှန်ကြားချက်ကို မလိုက်နာသူ တဦးကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့ လွိုင်ကော်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။  စက်တင်ဘာ ၁၅ ရက်နေ့က ပြင်ဦးလွင်ကနေတစ်ဆင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်လမ်းအတိုင်း ဆိုင်ကယ်နဲ့ပြန်လာတဲ့ စိုင်းဝဏ္ဏဟာ ပီကင်းကောခူ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမခံပဲ ဒီးမော့ဆိုမြို့နယ် ၄ မိုင်စံပြရွာသို့ရောက်ရှိခဲ့ကြောင်း စီစစ်တွေ့ရှိရတဲ့အတွက် သူ့ကို အရေးယူတာလို့ လွိုင်ကော်မြို့မရဲစခန်းမှူး ကျော်လင်းထွန်းက ပြောပါတယ်။  “တခြားပြည်နယ်တိုင်းတွေကနေ ဝင်လာလို့ရှိရင် သက်ဆိုင်ရာဂိတ်တွေမှာ စစ်ဆေးခံရမယ်။ စစ်ဆေးခံပြီးတော့ ကွာရန်တင်းဝင်ရောက်ပြီးတော့မှ သတ်မှတ်ရက်ပြည့်တော့မှသာ ထောက်ခံချက် နဲ့ home stay တို့ သူ့စည်းကမ်းချက်အတိုင်းသွားရမှာပေါ့နော်။ အဲလိုမသွားဘဲနဲ့သူက ဝင်ရောက်လာတယ်။ ဝင်ရောက်လာ ပြီးတော့ အိမ်အထိရောက်သွားတာပေါ့။ ရောက်ပြီးတော့မှ ရပ်ကျေးကနေ စစ်ဆေးပြီးတော့မှ ကွာရန်တင်းပို့ရတာကိုး၊ အဲဒါကြောင့်သက်ဆိုင်ရာစည်းကမ်းကို မလိုက်နာတာပေါ့။ အဲဒါနဲ့အရေးယူတာ။”  သူ့ကို နိုဝင်ဘာ ၄ ရက်ညက  အမှုဖွင့်တာဖြစ်ပြီး ဒီကနေ့ စစ်ဆေးသွားမှာ ဖြစ်ကြောင်းလည်း စခန်းမှူးက ပြောပါတယ်။  အောက်တိုဘာ ၁၅ ရက်နေ့ကတည်းဝင်ရောက်လာရာ ဒီကနေ့မှအမှုဖွင့်ရတာဟာ သက်ဆိုင်ရာ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးကော်မီတီရဲ့ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရတာ ဖြစ်တယ်လို့လည်း စခန်းမှူး ကျော်လင်းထွန်းက ပြောပါတယ်။  “သူ့ရဲ့သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ကျနော်တို့က အမှုဖွင့်ရတာပါ။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က)ပေါ့။ ” ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ညွှန်ကြားချက်ကို မလိုက်နာလို့  သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့အရေးယူခံရတာ ဒါ စတုတ္ထမြောက် ဖြစ်ပါတယ်။  ပထမတဦးကတော့ လွိုင်ကော်တက္ကသိုလ် ကွာရန်တင်းစင်တာကနေ ထွက်ပြေးဖို့ကြိုးစား ခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင်ကို ရန်ပြုကာ ထွက်ပြေးသွားခဲ့လို့  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆/၂၉ နဲ့ အမှုဖွင့်အရေးယူက ထောင်ဒဏ်တနှစ်ခွဲချမှတ်ခဲ့ပါတယ်။  ဒုတိယတဦးကလည်း ကွာရန်တင်းစင်တာမှာ သတ်မှတ်ရက်မပြည့်ဘဲ အိမ်ပြန်သွားခဲ့လို့ အရေးယူပြီး ထောင်ဒဏ်တ် ၁ နှစ်ချမှတ်ခံခဲ့ရပါတယ်။ အနောက်ထပ် ၂ ဦးကတော့ စိစစ်နေဆဲပဲလို့လည်းလည်း စခန်းမှူးကျော်လင်းထွန်းက ပြောပါတယ်။  မနေ့က အမှုဖွင့်ခံရတဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က)အရ ပြစ်မှုထင်ရှား ပါက ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ် ချမှတ်ခံရနိုင်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up