အမေရိကန်သမ္မတရွေးကောက်ပွဲလက်ရှိ မဲရလဒ်တွေအရ မြန်မာစံတော်ချိန် မနက် ၁၁ နာရီခွဲ လောက်အထိ ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်က ၂၆၄ မဲ ရထားပြီး လက်ရှိ သမ္မတထရမ့်ကတော့ ၂၁၄ မဲ ရထားတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။
သမ္မတလောင်းတစ်ယောက်ဟာ သမ္မတဖြစ်ဖို့အတွက် သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်မဲ ၂၇၀ ရရှိဖို့လိုအပ်တာဖြစ်ပြီး လက်ရှိ အချိန်အထိ အဓိကကျတဲ့ ပြည်နယ် ၆ ခုမှာ မဲရလဒ်တွေက အကြိတ်အနယ် ဖြစ်နေဆဲပါ။
အကြိတ်အနယ် ပြည်နယ် တစ်ခုဖြစ်တဲ့ ပင်ဆာဗေးနီးယားကတော့ ဒီနေ့မှာ နောက်ဆုံး မဲ အရေအတွက် ရနိုင်မှာ မဟုတ်ဘူးလို့ ကြိုတင်သတိပေးထားပါတယ်။
သမ္မတ ထရမ့်ကတော့ မဲရေတွက်တာတချို့ကို ရပ်ဖို့ ပြောဆိုပြီး ရွေးကောက်ပွဲ အောင်ပွဲကို ပြောဆိုဖို့ ကြိုးပမ်းခဲ့ပါတယ်။
ပြိုင်ဘက် ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်ကတော့ မဲတွေ ဆက်ရေတွက်နေချိန်မှာ စိတ်ရှည်ရှည်ထားကြဖို့ တိုက်တွန်းထားပြီး အနိုင်ရဖို့ လမ်းကြောင်းပေါ်ရောက်နေပြီလို့လည်း ပြောပါတယ်။
နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲဟာ အမေရိကန် ဆီးနိတ် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့ရဲ့ မဲရလဒ်ကိုလည်း ဖော်ပြပါတယ်။
လက်ရှိ မဲရလဒ်အရဆီးနိတ်အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်တွေက အမတ်နေရာ ၄၈ နဲ့ ဒီမိုကရက်တွေက ၄၇ နေရာနဲ့ ကွာခြားချက် ကျဉ်းမြောင်းနေပါတယ်။
အောက်လွှတ်တော်မှာတော့ ဒီမိုကရက်တွေက ၂၂၆ နေရာ ၊ ရီပတ်ဘလီကန်တွေက ၂၀၈ နေရာ ရထားတယ်လို့ CNN သတင်းအရ သိရပါတယ်။