မဲမသမာမှုများ ရှိနေဟု သမ္မတ ဒေါ်နယ်ထရမ့် ပြော

ဆိုးယုတ်တဲ့ လူတစုဟာ သူ့ကိုထောက်ခံတဲ့ သန်းနဲ့ချီတဲ့လူတွေ မဲပေးခွင့်မရအောင် ကြိုးပမ်းနေတယ်လို့ သမ္မတထရမ့်က အထောက်အထားမရှိဘဲ နိုဝင်ဘာ ၄ ရက်မှာ ပြောဆိုပါတယ်။ အမေရိကန် ရွေးကောက်ပွဲမှာ အဓိကကျတဲ့ ပြည်နယ်တွေရဲ့ ရလဒ်ကို မကြေညာသေးခင်မှာပဲ သမ္မတထရမ့်က အိမ်ဖြူတော်မှာ ပါတီဝင်တွေကို မိန့်ခွန်းပြောခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြဿနာ၊ ကပ်ရောဂါကြောင့် အထိနာတဲ့ စီးပွားရေး၊ သမ္မတကို ကွန်ဂရက်မှာ ပြစ်တင်စွပ်စွဲမှု၊ အမေရိကန် ရွေးကောက်ပွဲ ရုရှား စွက်ဖက်မှု စုံစမ်းရေး ၊ လူမျိုးရေး တင်းမာမှုနဲ့ အငြင်းပွားဖွယ် လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကြောင့် ပထမ ၄ နှစ် သက်တမ်း ကသောင်းကနင်း ဖြစ်ခဲ့ပြီးနောက်မှာ ထရမ့်ဟာ ဒုတိယသက်တမ်း အနိုင်ရဖို့ ကြိုးပမ်းနေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်တွေကို သတင်းဌာနတွေက အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးနေရာမှာ   မြန်မာစံတော်ချိန် ညနေ ၅ နာရီလောက်အထိ ရေတွက်ပြီးစီးတဲ့ မဲရလဒ်အရ ဂျိုးဘိုင်ဒင်က ၂၃၈ နေရာကို အနိုင်ထားကာ ဒေါ်နယ်ထရမ့်ကတော့ ၂၁၃ နေရာ အနိုင်ရထားတယ်လို့ Fox သတင်းမှာ ဖော်ပြပါတယ်။ BBC နဲ့ CNN သတင်းမှာတော့ ပြည်နယ် ၄၀ ကျော်ရဲ့ မဲရလဒ်တွေရေအတွက်အပြီးမှာ  ဂျိုးဘိုင်ဒင်က ၂၂၄ နေရာကို အနိုင်ထားကာ ဒေါ်နယ်ထရမ့်ကတော့ ၂၁၃ နေရာအနိုင်ရနေတယ်လို့ ဖော်ပြထားပြီး  စုစုပေါင်း မဲ ၂၇၀ ရသူက သမ္မတအဖြစ် အရွေးခံရမှာပါ။ ကြိုတင်မဲတွေအပါအဝင် တနိုင်ငံလုံးမှာ မဲရေတွက်မှုအားလုံးပြီးဆုံးဖို့နဲ့ ဘယ်သူ သမ္မတဖြစ်မလဲဆိုတာအတည်ပြုကြေညာနိုင်ဖို့ နာရီချီ၊ ရက်ချီ ကြာနိုင်တာဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ကတော့ မဲမသမာမှုတွေရှိနေတယ်လို့ အထောက်အထားမရှိဘဲ အခိုင်အမာ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up