Homeမြန်မာသတင်း
ကနီမြို့နယ်၌ မဲရုံဝင်းအတွင်း ပါတီစောင့်ကြည့် ၂ ဦး ရိုက်ပွဲဖြစ်ပြီး ကြိုတင်မဲပေးမှု ခဏရပ်နားခဲ့ရ
ကနီမြို့နယ်၌ မဲရုံဝင်းအတွင်း ပါတီစောင့်ကြည့် ၂ ဦး ရိုက်ပွဲဖြစ်ပြီး ကြိုတင်မဲပေးမှု ခဏရပ်နားခဲ့ရ
DVB
·
November 4, 2020
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ဝက်ချောင်းကလေးကျေးရွာမှာ နိုဝင်ဘာ ၃ ရက်နေ့က အန်အယ်လ်ဒီပါတီနဲ့ ကြံ့ခိုင်ရေးပါတီမှ မဲရုံစောင့်ကြည့်သူ ၂ ဦး အငြင်းပွားရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ကြိုတင်မဲပေးမှုခဏရပ်နားထားခဲ့ရပါတယ်။
ဝက်ချောင်းလေးကျေးရွာ မဲရုံအမှတ် (၄)တာဝန်ရှိသူ ဦးရန်ကင်းက "အသက် ၅၉ နှစ် အမျိုးသမီးတစ်ဦး မဲလာပေးတဲ့အပေါ် မဲမပေးမှု၊ မဲပေးအမှုအပေါ် အငြင်းပွားရာနေ ပါတီစောင့်ကြည့်နှစ်ဦး အချင်းများ ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ၉ နာရီ ၄၀ မိနစ်မှာ မဲပေးမှု ရပ်နားလိုက်ရတာပါ"လို့ ပြောပါတယ်။
ရန်ဖြစ်ရာမှာ တစ်ဦးက ခွေးခြေခုံနဲ့ ရိုက်ပြီး နှစ်ဦးက လက်သီးနဲ့ ဝင်ရောက်ထိုးနှက်ခဲ့ရာ အရိုက်ခံရတဲ့ ၂ ဦးမှာ ခေါင်းပေါက်၊ စုတ်ပြဲဒဏ်ရာတွေနဲ့ နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မဲရုံတာဝန်ရှိသူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီ ကနီမြို့နယ်အောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးပြည့်အောင်နိုင်က "တစ်ရွာတည်းသားတွေပါ။ မြို့နယ် အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးအဖွဲ့အနေနဲ့ ရွေးကောက်ပွဲ ပျက်ပြားစေမှုလည်းဖြစ်တဲ့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကိုလည်း တိုင်ကြားသွားမှာပါ"လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကနီမြို့ရဲစခန်းမှာတော့ အပြန်အလှန်တရားစွဲထားကြပြီး ဥပဒေနဲ့အညီ နှစ်ဘက်စလုံးဆောင်ရွက်ပေးထားတယ်လို့ ကနီမြို့မစခန်းမှူးက ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးရှိန်က "ရိုက်ကြသူတွေက အမျိုးတွေပါ။ ဟိုဘက်ပါတီ တစ်ဘက်ထဲ ဒဏ်ရာရတာ မဟုတ်ပါဘူး။ ကျနော်ကိုယ်စား မဲရုံစောင့်ကြည့်သူလည်း ဒဏ်ရာရပါတယ်။ တရွာတည်းသားချင်းတွေ မဖြစ်သင့်ပါဘူးဗျာ။ ကျနော်တို့ပါတီအနေနဲ့ကတော့ ဒဏ်ရာရှိတဲ့ ကျနော့်ကိုယ်စားမဲရုံ စောင့်ကြည့်သူကို ကူညီမှုတွေ ပေးသွားပါမယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။
နှစ်ဘက်စလုံးကလူနာတွေကို ကနီမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသဖို့ပို့ဆောင်ခဲ့ပြီး ဓာတ်မှန်ရိုက်ရမှာဖြစ်လို့ ညနေပိုင်းမှာ မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရပါတယ်။
သတင်း - ကျော်မင်းသန့်