Home
မြန်မာသတင်း
အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းကို အရပ်ဘက်အဖွဲ့အစည်းများ လက်မခံ
ရွှေအောင်
·
August 1, 2013
ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့တဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက် ပြီး အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်က လက်မခံနိုင်ကြောင်း သဘောထား ထုတ်ပြန်လိုက်ပါ တယ်။ ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ကို ထပ်ပြီး ကန့်သတ်လိုက်သလို ဖြစ်နေတယ်လို့ Equal Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။ “အသင်းအဖွဲ့ဆိုတဲ့အကြောင်းအရာ ဖွဲ့စည်းမှုဆိုင်ရာ ဥပဒေလို့ ကျနော်တို့ ပြောထားတယ်။ အမှန်တော့ အသင်းဖွဲ့ ဖွဲ့စည်းခွင့်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအကျ ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်။ ဒါကြောင့် အသင်းအဖွဲ့တွေကို ခွင့်ပြုမှ ဖွဲ့စည်းရမယ်ဆိုတဲ့ လုပ်ပုံကိုင်ပုံက ကျနော်တို့ သဘောမကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ခွင့်ပြုထားတဲ့ ဥပဒေ အခွင့်အရေးတရပ်ကို နောက်ထပ် ဥပဒေတရပ် ထပ်မံ ကန့်သတ်ထားတာ ဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေက အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပိုဖြစ်သင့်တယ်။ ဒါမှသာလျှင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဟာ လွတ်လွတ်လပ်လပ် ဖွဲ့စည်းလို့ရမယ်။ အဲဒီအထဲမှာမှ မှတ်ပုံတင်လိုတဲ့ ဆန္ဒရှိတဲ့ အဖွဲ့တွေက မှတ်ပုံတင်ပြီးတော့လုပ်ဆောင်တဲ့ လုပ်ငန်းစဉ် သဘောမျိုးဆို ပိုပြီး သဘာဝကျမယ်လို့ ကျနော်တို့ ယူဆပါတယ်။” အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်လုပ်ထုံးလုပ်နည်းများအရ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းကို ဆိုင်းထားဖို့လည်း သဘောထားထုတ်ပြန်ချက်က တောင်းဆိုလိုက်ပါတယ်။ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လက်မခံနိုင်တဲ့အချက်တွေကို အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ နေပြည်တော်ကို ဒီနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။ ရန်ကုန်က တရားရုံးချုပ်ရှေ့နေကြီး ဦးကိုနီက အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းပါ ဖော်ပြ ထားချက်အရ အသင်းအဖွဲ့တွေ မှတ်ပုံမတင်ဘဲ ဖွဲ့ရင် ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်တယ်ဆိုတဲ့ အချက်အပေါ် အခုလို ထောက်ပြ ဝေဖန်လိုက်ပါတယ်။ “မှတ်ပုံမတင်ဘဲနဲ့ အသင်းအဖွဲ့ထောင်ထားရင် သုံးနှစ် ထောင်ချနိုင်တယ်။ အသင်းအဖွဲ့တခုကို ထောင်တယ်ဆိုတာ သာမှု၊ နာမှု၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (အန်ဂျီအို) တွေပေါ့ဗျာ။ လူမှုလုပ်ငန်းတွေထောင်ဖို့ အသင်းတွေဟာ မှတ်ပုံမတင်တဲ့အတွက် သူတို့ကို ဒီလောက် ပြင်းပြင်းထန်ထန် ထောင်ချဖို့ အကြောင်းမရှိဘူး။ မှတ်ပုံတင်တယ်ဆိုတာ ကျနော်တို့ နားလည်သလောက် ဒီအသင်းအဖွဲ့တွေအနေနဲ့ ၀င်ငွေနဲ့ ပတ်သက်ပြီးတော့ အခွန်ကင်းလွတ်ခွင့်ရဖို့ လှူဒါန်းချင်တဲ့ လူတွေက သူတို့ကို တရားဝင် လှူဒါန်းနိုင်ဖို့အတွက် မှတ်ပုံတင်တာပါ။ ဒီဟာကိုလည်းပဲ သူတို့က အခုလိုမျိုး မှတ်ပုံမတင်ရင် ထောင်သုံးနှစ်ချမယ်ဆိုပြီး ကန့်သတ်လိုက်တဲ့ အခါကျတော့ ခုနက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (ဂ) မှာပါတဲ့ လွတ်လပ်စွာ အသင်းဖွဲ့ခွင့် ဆိုတဲ့ အခွင့်အရေးကို သွားပြီးတော့ ထိခိုက်တယ်။” အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းမှာ အခန်း ၁၀ ခန်းပါဝင်ပြီး ပြည်ထဲရေးဝန်ကြီး ဦးဆောင် တဲ့ ဗဟိုအဖွဲ့ ဖွဲ့စည်းပြီး အဲ့ဒီဗဟိုအဖွဲ့ကပဲ အသင်းအဖွဲ့တွေကို စိစစ်ကာ ရွေးချယ်ပြီး ဆုံးဖြတ် နိုင်တယ်လို့ ဖော်ပြပါ ရှိပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024