ဗီယင်နာမြို့တော်တွင် ညလုံးပေါက် ရမ်းကားသောင်းကျန်းမှုဖြင့် လူ ၁၄ ဦးကို ဖမ်းဆီး

Police officers block a street after exchanges of gunfire in Vienna, Austria November 3, 2020. REUTERS/Radovan Stoklasa
သြစတြီးယား ရဲတွေဟာ မြို့တော်ဗီယင်နာက ညလုံးပေါက် ရမ်းကားသောင်းကျန်းမှုအတွက် အဓိကသံသယရှိသူနဲ့ပတ်သက်တဲ့ လူ ၁၄ ယောက်ကို ဖမ်းဆီးပြီးပြီလို့ ပြည်ထဲရေးဝန်ကြီးက နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။ သြစတြီးယားနဲ့ မြောက်မက်ဆီဒိုးနီးယား နိုင်ငံသားနှစ်ရပ် ခံယူထားတဲ့ အသက် ၂၀ အရွယ် အမျိုးသား ကူတင်ဖှယ်ဇူလာအီကို ရဲက အခင်းဖြစ်ရာမှာတင် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး သူဟာ တိုက်ခိုက်မှုအတွက် အဓိကသံသယရှိသူလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးမှုအတွင်း အရာရှိတွေဟာ အိမ် ၁၈ လုံးကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် လူ ၄ ယောက် သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရခဲ့တာပါ။ တိုက်ခိုက်သူတွေရဲ့နောက်မှာ ရပ်တည်နေတဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးနှိမ်နင်းမယ်လို့ နိုင်ငံ့အဓိပတိက ရုပ်သံမိန့်ခွန်းအတွင်း ကတိပြုပါတယ်။ တိုက်ခိုက်သူ ဖှယ်ဇူလာအီဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းရေး ဆီးရီးယားနိုင်ငံကိုသွားဖို့ ကြိုးစားမှုနဲ့ ၂၀၁၉ ဧပြီလက ထောင်ဒဏ် ၂၂ လ ပြစ်ဒဏ် စီရင်ခံရဖူးတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ သူ့ကို ဒီဇင်ဘာအစောပိုင်းက ပြန်လွှတ်ပေးခဲ့တာပါ။ ဖှယ်ဇူလာအီဟာ မတိုက်ခိုက်ခင် သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူနဲ့ လက်နက် ၂ ခု တွဲပြီး ရိုက်ထားတဲ့ဓာတ်ပုံကို တင်ခဲ့ပါတယ်။ သူဟာ နိုဝင်ဘာ ၂ ရက် ဒေသစံတော်ချိန် ည ၈ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး အထူးတပ်ဖွဲ့က အရာရှိတွေက ၉ မိနစ်အကြာမှာ ဖှယ်ဇူလာအီကို အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up